ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေသမတည် မငြိမ်မှုများတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တဖြည်းဖြည်း ရှားပါးလာနေပြီး စားဝတ်နေရေးဟာ အခြေခံ လူတန်းစားတွေအဖို့ တိုက်ပွဲတစ်ရပ်အသွင် ကူးပြောင်းလာခဲ့ပါတယ်။ ဒီလိုအခက် ခဲတွေကြောင့် လူတွေဟာ ရရာ လုပ်ငန်းခွင် ပြေးဝင်ပြီး ဝမ်းရေးအတွက် တိုက်ပွဲဝင်ကြရပါတော့တယ်။

ဒါပေမယ့် ဒေသအခြေအနေအလိုက် လုပ်ကိုင်ရပြီး အစိုးမရတော့တဲ့ လုပ်ငန်းခွင် အများစုမှာ အလုပ်တွေ ရပ်နားရတာ၊ ပုံမှန် မလုပ်ကိုင်ရတော့တာတွေကြောင့် အခုနောက်ပိုင်း စစ်တွေမြို့ပေါ်က အခြေခံလူတန်းစား တွေဟာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုလုပ်ဖို့ပဲ အားသန် လာကြပါတယ်။

သူတို့ အားသန်လာကြတဲ့ အဲဒီကိုယ်ပိုင်လုပ်ငန်းဟာ ဆိုရင်ဖြင့် ငွေကြေး အရင်းအနှီးလည်း မများ၊ အရောင်းလည်း သွက်တဲ့ လမ်းဘေး ကွမ်းယာဆိုင်လေးပဲ ဖြစ်ပါတယ်။ နယ်က တက်လာတဲ့ ကိုမောင်လုံးချေတို့ ဇနီးမောင်နှံဟာ လည်း ကွမ်းယာရောင်းနေကြတာပါ။

“နယ်ဖက်တွေမှာက အလုပ်အကိုင် အဆင်မပြေဘူး။ ဒါကြောင့် အိမ်ထောင်ကျလို့ နှစ်လလောက် နေတာနဲ့ စစ်တွေမြို့မှာ လုပ်စားမယ်ဆိုပြီး ပြောင်းလာခဲ့တာ။ အိမ်ငှားခ တစ်လကို ၂ သောင်း၊ ၂ သောင်းခွဲကနေ ၄ သောင်းထိ ဖြစ်လာတယ်။ ဒီလိုနဲ့ ၂ နှစ်ကျော်လောက်နေခဲ့တယ်။ ကုန်တန်းက သိန်းသန်းအောင် ဆိုင် မှာ လက်သမားလုပ်တာ။ ကျီးဘောင်လေ။ အဲဒါလုပ်နေရင်း ကွမ်းယာဆိုင်တစ်ဆိုင် တည်လိုက်တယ်။” လို့ ကိုမောင်လုံးချေက ပြောပါတယ်။

နယ်ဖက်မှာ အလုပ်အကိုင် အဆင်မပြေခဲ့တဲ့ ကိုမောင်လုံးချေတို့ ဇနီးမောင်နှံဟာ ဇာတိ မြောက်ဦးနယ်ကနေ ပြီးခဲ့တဲ့ ၄ နှစ်လောက်က အိမ်ထောင်ကျခါစမှာ မယောင်မလည်နဲ့ ပြောင်းရွှေ့လာခဲ့ကြပြီး စစ်တွေမြို့မှာ ကျဘန်း လုပ်ကိုင်ရင်း ဘဝတိုက်ပွဲကို ကျော်ဖြတ်လာကြတာပါ။

“အိမ်ထောင်ကျပြီးမှ လင်မယား နှစ်ယောက်တည်း ပြောင်းလာကြတာ။ တစ်နှစ်လောက် နေတော့ အဖေက ကင်ဆာနဲ့ ဆုံးသွားတယ်။ ဒါကြောင့် အမေ့ကို ဒီခေါ်ထားတယ်။ မြောက်ဦးမှာလည်း ညီအကို မောင်နှမတွေ သူ့ရွာနဲ့ သူရှိကြတယ်။ ကိုယ့်ရွာမှာ အစ်မနှစ်ယောက်ရှိတယ်။ တစ်ယောက်ကတော့ စစ်တွေကိုပြောင်းလာပြီ။”

မြို့ကြီးပြကြီးကို စရောက်ချိန်ဟာ သူတို့အတွက် ရွှေရည်ဆမ်းတဲ့ နေ့ရက်တွေတော့ မဟုတ်ခဲ့ပါဘူး။ အိမ်ထောင် ဦးစီးဖြစ်သူ ကိုမောင်လုံးချေဟာ နေ့စားလက်သမား လုပ်ကိုင်ခဲ့ပြီး ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ လှအောင် ဝတ်နေခဲ့ကြရပါတယ်။

ကိုမောင်လုံးချေက “အကိုက မနက်စောစောကြီး ထွက်သွားရင် သူက ကိုးနာရီ၊ ဆယ်နာရီ ဆိုရင် ရောက်လာတယ်ဆိုရင် လူလဲ လိုက်တယ်။ ခဏလေး အိမ်ကိုလာလိုက်တယ်။ ပြန်သွားတယ်။ သူက ထမင်းချက်ဖို့ ဝင်လာတယ်။ စားလို့သောက်လို့ပြီးလို့ ၂ နာရီလောက်မှ ဆိုင်ကို ရောက်တယ်။ ပြီးမှ ကိုဝင်တယ်။”လို့ ပြောပါတယ်။

အလုပ်သမားဘဝနဲ့ပဲ နေလို့ စားဝတ်နေရေး မဖူလုံနိုင်ဘူး ဆိုတာကို နားလည်ထားတဲ့ သူဟာ လက်သမား လုပ်နေရင်းနဲ့ ကိုယ်ပိုင် လုပ်ငန်းလေး လုပ်ကိုင်နိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စစ်တွေမြို့ကို ရောက်လို့ တစ်နှစ်ကျော်လောက် အကြာမှာ ပလုတ်တောင်လို့ လူသိများကြတဲ့ ရဲနွယ်စု ရပ်ကွက်ရဲ့ထောင့်ငယ်လေး တစ်ခုမှာ ဆိုင်ငယ်လေး ဖွင့်နိုင်ခဲ့ပြီး ကွမ်းယာနဲ့ ဆေးလိပ်တွေ စတင် ရောင်းချခဲ့ပါတော့တယ်။

“ကိုယ့်မှာမရှိရင် သူများဆီက ချေးငှားလို့ အဆင်ပြေအောင် လုပ်ရတယ်။ ပြန်ရလာရင် ဆပ်လိုက်တယ်။ ကွမ်းဆေးဗူးတွေ အစစအရာရာစျေးတက်လာတယ်။ ဆိုတော့ တစ်ယာကို ငါးဆယ် ရောင်းနေတာ။ နှစ်ရာဖိုး သုံးယာ ရောင်းရတယ်။ ဒီလိုရောင်းတော့ အရောင်း ပါးသွားတယ်။ ပါးလို့ တစ်ယာကို ငါးဆယ်နဲ့ပဲ ပေးနေရတယ်။ အရောင်းက ပါးလွန်းတော့။ ထွက်နိုင်ဖို့လိုတယ်။ ပစ္စည်းဝယ်ထားတာနဲ့ လည်ပတ်ဖို့ လိုတယ်ပေါ့” ကိုမောင်လုံးချေရဲ့ဇနီး မနွယ်နွယ်ဦးက အခက်ခဲတွေအကြောင်း ရှင်းပြပါတယ်။

ပထမ ရည်မှန်းချက် ပြည့်မြောက်သွားပေမယ့်လည်း သူတို့အဖို့ ကြီးမားတဲ့ အခက်အခဲတစ်ခု ရှိနေခဲ့ပါသေးတယ်။ ဒါကတော့ သူတို့မှာ ကိုယ်ပိုင်နေအိမ်လေး တစ်လုံး မရှိတာပါ။ ဒါကြောင့် သူတို့ဇနီးမောင်နှံ လုပ်လို့ရတဲ့ ရှိစုမဲ့စု လုပ်အားခလေးတွေဟာ တစ်လထက် တစ်လက် ကြီးလာနေတဲ့ အိမ်ခန်းငှား စရိတ်တွေ အဖြစ် အချိန်တချို့ ကြာအောင် နေရာယူထားခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့ ဇနီးမောင်နှံဟာ အိမ်လေး တစ်လုံး ရဖို့ ကြိုးပမ်းရပြန်ပါတော့တယ်။ သို့ပေမဲ့ လက်မဲကြီးတွေ အုပ်စိုးထားတဲ့ စစ်တွေမြို့ရဲ့အိမ်ယာမြေ စျေးကွက်က သူတို့လို အညတရတွေအတွက် မိုးနဲ့မြေလို ကွာခြား နေခဲ့ပြီး ဂရမ်ပါတဲ့ မြေတစ်ကွက်ရဖို့ဆိုတာ သာမန်လူတန်းစားတွေအတွက် သိန်းထီဆုကြီးပေါက်မှ ရပါလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ရွှေ့ပြောင်းလုပ်သားတွေ အနေများကြတဲ့ စစ်တွေမြို့က ကျူးကျော်ရပ်ကွက်မှာ ချွဲနဲစာ ငွေလေး ၆ သိန်းကျော်နဲ့ တဲသာသာ အိမ်လေး တစ်ဆောင်ခဲ့တယ်လို့ မနွယ်နွယ်ဦးက အခုလို ပြောပြပါတယ်။

“အိမ်လခ တစ်လထက် တစ်လ တက်လာတယ်။ နေစကဆို တစ်လကို ၂ သောင်းနဲ့ ရတယ်။ သူတို့မှာ အခန်းတွေ ဘာတွေ ပြင်လိုက်တော့ တစ်လကို ၃ သောင်းပေးလာရတယ်။ နောက်တစ်လဆို ၄ သောင်း ပေးလာရတယ်။ ဆိုတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ အလုပ်အကိုင်ကလည်း နှစ်ယောက်လုံး လုပ်တာတောင် အဆင်မပြေ။ အိမ်လခပေးရတယ်။ စားစရိတ်ကလည်း တက်လာတယ်။ ဆီဆား ငရုတ် ဝယ်ရတာတွေလည်း ခက်ခဲလာတယ်။ နောက်တော့ မနေတော့ဘူးလို့ ထွက်လာတယ်။ သူများ အိမ်ရာမှာ ကပ်ခိုပြီး တစ်နှစ်နေခဲ့ရ တယ်။ နောက်နှစ်မှ ဒီအိမ်ယာကို ဝယ်လိုက်တာ။”

မောင်တစ်ထမ်း၊ မောင်တစ်ရွက်နဲ့ ဘဝရဲ့တာဝန်တွေကို တစ်ယောက်တစ်လှည့် သယ်ပိုးကြရင်း အခုဆိုရင် ရွှေသမီးလေး တစ်ယောက် ပိုင်ဆိုင်ထားကြပါပြီ။ တဖက်မှာ ကိုဗစ်နိုင်တင်းကလည်း ဝင်နှောက်လာခဲ့လို့ လသားကလေးတစ်ဖက်နဲ့ ဆိုင်ထွက်ရောင်းနေတဲ့ မနွယ်နွယ်ဦးက စိုးရိမ်ခဲ့ရပါသေးတယ်။

“စိုးရိမ်စရာတော့ရှိတယ်။ ကိုတို့က လူတစ်ရာနဲ့ ဆက်ဆံနေရလို့ စိတ်ပူတာတော့ရှိတယ်။ ကိုယ့်မိသားစု အသိုင်းအဝိုင်းက ကြည့်ပြန်တော့လည်း မရှိဆင်းရဲတဲ့အချိန်မို့လို့ ဒီလိုရောင်းစားနေရတာလေ။ သူများနဲ့ အကွာအဝေးနေရတယ်။ သူတို့ထသွားတဲ့နောက်ပိုင်းမှာလည်း ကိုတို့က အိမ်လှည်းလှည်းတယ်။ နှာခေါင်းချုပ် တပ်ထားတယ်။”

ပြည်တွင်း အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း စီးပွားရေး ကျပ်တည်းမှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။ ဒီလိုအကြပ်အတည်းတွေကြားထဲ ကိုမောင်လုံးချေတို့ ဇနီးမောင်နှံ ရရှိလာမယ့် အမြတ်နှုန်းတွေကို တစ်နေ့ထက်တစ်နေ့ တက်လာနေတဲ့ စျေးနှုန်းမြင့်မားမှုကပဲ သိမ်းယူနေပါတော့ တယ်။

“တစ်ခါတစ်လေ အရက်သောက်လို့ ဆိုင်လာဝယ်တဲ့ သူတွေကျတော့ ယိသေ့သေ့ (ရိ့သဲ့သဲ့) လာလုပ်ကြတယ်။ မူးလာရင်တော့ ဒီလိုပဲပေါ့။ ဒါပေမဲ့ ကိုယ်က ဆိုင်ရောင်းနေတာမို့ နည်းနည်းတော့ သည်းခံပေးရတယ်။ မေတ္တာထားရတယ်။ သူတို့တွေကို။ ဆိုးတဲ့ သူတွေရှိသလို ကောင်းတဲ့သူတွေလည်း ရှိတာပေါ့။”

 51 total views,  3 views today