ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စာရေးဆရာကြီး Noah Gordon ရဲ့ El Medico ဆိုတဲ့ ဝတ္ထုကို အသက်သွင်းရိုက်ကူးထားတဲ့ “The Physician” ဇာတ်ကားထဲက အဓိကဇာတ်ကောင် ရောဘတ်ကိုးလ် ဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါ။

ကပ်ရောဂါကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရပြီး ညီအစ်ကိုမောင်နှမတွေ တကွဲတပြား ဖြစ်ခဲ့ရတဲ့ သူဟာ နယ်လှည့် ဆေးသမား တစ်ယောက်ဆီမှာ ကြီးပြင်းခဲ့ပါတယ်။ တစ်နေ့မှာတော့ သူရဲ့ဆရာဟာ မျက်စိကွယ်သွားလို့ ဂျူးတွေဆီမှာ သွားရောက် ကုသရင်း ဆေးအတတ်ပညာကို ကမ္ဘာတစ်ဖက်ခြမ်းက ပါရှားနယ်မှာ လေ့လာနိုင်တယ်ဆိုတာကို သိခဲ့ရပါတယ်။

ဘာသာရေး အစွန်းရောက်တွေ နေထိုင်တဲ့ အဲဒီနယ်မြေမှာ ခရစ်ယာန် ဘာသာဝင်တွေကို တားမြစ်ထားပါတယ်။ လူမျိုးမှန်ကို သိသွားတာနဲ့ အချိန်မရွေး ကွက်မျက်ခံရနိုင်ပါတယ်။ ဒါကြောင့် အဲဒီပညာရပ်ကို လေ့လာဆည်းပူးဖို့ စိတ်အားထက်သန်နေတဲ့ ရောဘတ် ဟာ ဂျူးလူမျိုးယောင်ဆောင်ပြီး သွားခဲ့ရတဲ့ အဖြစ်အပျက်ပါ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ၁၁ ရာစုကို အခြေခံထားတဲ့ ဒီဇာတ်ကားထဲက ရောဘတ်ကိုးလ် လို ဟန်ဆောင်ပြီး သွားရတဲ့ သူတွေ ရှိနေပါတယ်။ သူတို့ဟာ ကမန်တိုင်းရင်းသားတွေဖြစ်ပြီး ဘာသာရေးအပေါ် အခြေခံတဲ့ ထိလွယ်ရှလွယ် အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခမှာ ပဲလှော်ကြား ဆားညှပ် ပါသွားသူတွေသာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ဇာတ်ကားထဲမှာလို ကမ္ဘာတစ်ဖက်ခြမ်းကိုသွားတာ မဟုတ်ဘဲ မိမိတို့ မွေးရပ်မြေမှာတောင် လွတ်လပ်စွာ သွားလာခွင့်မရဘဲ ဆုံးရှုံးနေရတာပါ။ ကိစ္စတစ်ခုခုကြောင့် မြို့ထဲသွားတော့မယ်ဆိုရင် သူတို့ နေရပ်နဲ့ လူမျိုးမှန်ကို မပြောမိဖို့ ကြိုတွေးထားရပါတယ်။ လူတွေရိပ်မိသွားပြီဆိုတာနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ စဖြစ်လာတော့တာပါပဲ။

“ဘယ်လိုပြောမလဲ ကမန်လား။ ကုလားလားဆိုတာကို သေသေချာချာကြီး မျက်နှာကြည့်ပြီးရင် မေးတာ၊ စစ်တာတွေ ရှိတယ်ပေါ့။”လို့ အလားတူဖြစ်ရပ်ကို ကြုံဖူးတဲ့ ကမန်လူမျိုး ဦးထွန်းခင်က ပြောပါတယ်။

တကယ်တော့ ၂၀၁၂ မှာဖြစ်ခဲ့တဲ့ ပြဿနာဟာ ရခိုင်တွေနဲ့ မွတ်ဆလင် အသိုက်အဝန်းကြားက ကိစ္စသာဖြစ်ပြီး ကမန်တွေနဲ့ လားလားမှ မဆိုင်ပါဘူး။ သို့ပေမဲ့ အဲဒီအချိန်က အာဏာရ အစိုးရရဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါသွားခဲ့ရတာပါ။

လူနည်းစု ကမန်တွေဟာ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်ဆိုပေမဲ့ ရုပ်ရည်၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်း အကုန်လုံးနီးပါးဟာ ရခိုင်တွေနဲ့အတူတူပါပဲ။ မြန်မာနိုင်ငံထဲက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ လည်း ကမန်တွေ ပါဝင်သလို ရခိုင်မျိုးနွယ်စုဝင်လည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ) စတဲ့ လူမျိုးစုတွေနဲ့ အတူ နှစ်ပေါင်းများစွာ ယှဉ်တွဲ နေထိုင်လာခဲ့ပေမယ့် ၂၀၁၂ အလွန်မှာတော့ သူတို့ဆီကို အဲဒီ အတားအဆီးကြီး ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအတားအဆီးဟာ ကလေးတစ်ယောက်သာ ဆိုရင် လာမယ့်နှစ်မှာ ၁၀ နှစ်တင်းတင်းပြည့်ပါတော့မယ်။

၁၀ နှစ်တာအတွင်းမှာ ထောင်ကျသွားတဲ့ သူတွေဆိုရင် လွတ်ငြိမ်းချမ်းသွာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာနိုင် ခြေရှိပေမယ့် သူတို့တွေမှာတော့ အစိုးရ သုံးဆက် ပြောင်းလဲသွားချိန်ထိ လွတ်မြောက်ဖို့ နည်းလမ်းမရှိခဲ့ပါဘူး။ ကျေးရွာတွေက လယ်ယာထွက်ကုန်တွေနဲ့သာ ဝမ်းရေးဖြေရှင်းနေခဲ့ကြရပြီး ကုန်သွယ်ခွင့်တွေလည်း ဆုံးရှုံးခဲ့ကြ ရပါတယ်။

“ဆေးခန်းသွားလို့ ဘယ်ကလဲ မေးရင် နောက်ရခိုင်ရွာတစ်ရွာက နာမည်ကို တပ်ပြောပြီး သွားခဲ့ရတယ်။ အစ်မကိုယ်တိုင်လည်း သွားခဲ့ဖူးတယ်။ ဥပမာ-အစ်မတို့နဲ့ နီးစပ်တဲ့ ဂန့်ဂေါ်ကျွန်း။ မဟုတ်ရင် ကြက်ကိုင်းတန်လို့ ပြောပြီး ဆေးခန်းပြရတာရှိတယ်။ မမတို့ရွာက သက္ကယ်ပြင်ရွာမ ဆိုလို့ရှိရင် ကမန်ဆိုပြီး သူတို့ကအရေးမပေးဘူး။ အများကြီးကြုံဖူးတယ်။ အစ်မ မောင်လေးတစ်ယောက်ဆိုရင် သက္ကယ်ပြင်ရွာမကဆိုတာ သိသွားတယ်။ ရွာမှာ သတ်ပုတ်ကြတဲ့ အမူဖြစ်တော့ ရဲတွေပါလာပြီး ရွာနာမည်ပါ ပြောလိုက်ရတော့ လိမ်လို့လည်း မရတော့ဘူး။ ဆိုတော့ ကုလားတွေထားတဲ့ အခန်းမှာ မမတို့ကို ထားလိုက်တယ်။”လို့ ကမန်လူငယ် မခင်ခင်သိန်းက ပြောပါတယ်။

ပညာရေးအပိုင်းမှာ ဆိုရင် ဒီဆယ်စုနှစ်တစ်ခုအတွင်း လုံးဝ ဆုံးရှုံးခဲ့ကြပါတယ်။ ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ကိုယ်စီရှိပေမဲ့ အစိုးရက ဆရာ၊ ဆရာမဝန်ထမ်းတွေ မချပေးတာကြောင့် တတ်တဲ့မှတ်တဲ့ စေတနာ့ဝန်ထမ်းတွေနဲ့သာ သင်ကြားခဲ့ကြရတယ်လို့ ကမန်လူကြီးတွေက ပြောပါတယ်။

“ကမန်သုံးရွာတက်ဖို့ Volunteer ကျောင်းတစ်ကျောင်းဆောက်တယ်။ အဲကျောင်းမှာ ပညာသင်ကြတယ်။ သင်လာတဲ့ Volunteer ဆရာဆရာမသည် ကျောင်းသားလောက် အခြေခံမရှိတဲ့ ဆရာ၊ ဆရာမဖြစ်တယ်။ ဆိုတော့ ကျောင်းသားတွေ ပညာမတတ်ဘူး။ မိဘတွေအနေနဲ့ ကုန်ကျမှုလည်းရှိတယ်။ ပညာကလည်း မတတ်ဘူး။ စီးပွားရေးကလည်း မကောင်း။ အခက်အခဲအမျိုးမျိုနဲ့ ဦးတို့ဟာ ပညာတတ်လူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ကျေးရွာအတွင်း လူမျိုးအတွင်းမှာ ပျောက်လု နီးနီးဖြစ်လာတယ်။”လို့ ဦးအောင်သိန်းက ပြောပါတယ်။

စစ်တွေမြို့နယ်က သက္ကာယ်ပြင်ရွာမ၊ သင်္ဂနက်နဲ့ သာယာကုန်းစတဲ့ ကမန်ကျေးရွာ သုံးရွာမှာဆိုရင် မူလွန်နဲ့ အလယ်တန်းကျောင်း သုံးကျောင်းရှိပြီး ၉ တန်းနဲ့ ဆယ်တန်းကို တွဲဖက်သင်ကြားနေရတာပါ။ အရင်ကတော့ အနီးအနားက ကျောင်းတွေမှာ ရခိုင်တွေနဲ့အတူ တက်ရောက်ခဲ့ကြရပေမယ့် ဒီနှစ်တွေထဲမှာတော့ ရွာမှာသာ စေတနာ့ဝန်ထမ်းတွေနဲ့ သင်ခဲ့ရပြီး စာမေးပွဲဖြေဆိုခွင့် တစ်ခုသာ အနီးအနားမှာ ဖြေဆိုခွင့်ရခဲ့ကြပါတယ်။

သက္ကယ်ပြင် ရွာမကျေးရွာက ဆယ်တန်းကျောင်းသူ တစ်ဦးရဲ့ မိခင် ဒေါ်မခင်သွယ်ကတော့ သူ့သမီး ဆယ်တန်း ကျတာဟာ အစိုးရက ပညာရေးဝန်ထမ်းတွေ ချမပေးဘဲ ကျေးရွာ အတွင်းက စေတနာ့ ဝန်ထမ်းတွေနဲ့သာ သင်ကြားရတာကြောင့်လို့ အပြစ်တင် စကားဆိုပါတယ်။

“လူတိုင်းကတော့ ခဏလေးလာတဲ့ လူ့ဘဝကို အခွင့်အရေးရချင်တယ်။ လွတ်လပ်စွာသွားလို့။ ဆေးရုံတက်လို့။ လွတ်လပ်စွာ ပညာသင်လို့။ သာယာကုန်း ရွာမှာ ပညာသင်လို့ ကုန်တယ်။ လွတ်လပ်စွာ ပညာသင်ရတဲ့ သူတွေမှာလို အစ်မတို့မှာလည်း ကုန်တယ်။ တစ်နှစ်တစ်နှစ် ငွေကုန်တာ၊ ဝတ်ရေးစားရေး၊ သားသမီးကို လူတောတိုးအောင် ထားရတာကတစ်မျိုး၊ ကျူရှင်ခ ၄ သောင်း၊ ၅ သောင်းပေးရတာက တစ်မျိုး။ ဒါပေမဲ့ ဆရာမကောင်းတွေနဲ့ မကျတာလို့ ကျတယ်။ စိတ်မကောင်းဘူး။ ၁၀ တန်းကို volunteer တွေနဲ့ သင်လို့ ရမလား။ သင်တန် းတက်ထားတဲ့ ဆရာမတွေနဲ့ သင်ရင်တောင် မအောင်ကြတာ။ သား၊ သမီးက ပညာမှာ ထူးချွန်တယ်။ စာကတော်တယ်။ သင်ရတာ နေရာမကျလို့ ကျသွားရတယ်။”

နောက်တခါ ဒီပဋိပက္ခအလွန်မှာ ဆယ်တန်းအောင်ခဲ့သူတွေ၊ ဘွဲ့ရခဲ့သူတွေဟာလည်း အလုပ်ကိုင် လျှောက်ခွင့် ပိတ်ပင်ခံခဲ့ကြရပြီး ကျေးရွာတွေအတွင်း ချိတ်ဆက် လုပ်ကိုင်လာတဲ့ အဖွဲ့အစည်းတချို့နဲ့ မိသားစုဆီမှာပဲ ဝိုင်းဝန်း လုပ်ကိုင် ပေးနေကြရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍမှာ ဆိုရင်လည်း အလားတူပါပဲ။ နေမကောင်းလို့ မြို့ပေါ် ဆေးရုံဆေးခန်းတွေမှာ သွားရောက် ပြသပြီဆိုရင် နာမည်နဲ့ လူမျိုးကို ထုတ်မပြောခင်အထိ အဆင်ပြေနေသေးပေမယ့် ထုတ်ပြောလိုက်ပြီ ဆိုတာနဲ့တော့ စတင်ခွဲခြားခံရပြီလို့ ကမန်လူမှုရေး ဆောင်ရွက်နေတဲ့ ဦးထွန်းခင်က ပြောပါတယ်။

“ပြည့်သူ့ဆေးရုံကြီးမှာ ကိုယ်တိုင် ခွဲခြားမှု ခံရတယ်။ ဦးတို့ကို ကမန် ဆိုတာနဲ့ ဘင်္ဂလီ အမှောင်ခန်းပို့တယ်။ တစ်ခါတည်း။ သီးခြားအခန်းကို ပို့တယ်။ ကမန်ဆိုတာနဲ့ ဦးတို့ကလည်း ယဉ်းကျေးမှု မတူ၊ စရိုက်မတူ၊ လူမျိုးမတူ။ ပြီးတော့ ဦးတို့က တိုင်းရင်းသား လူမျိူးတစ်မျိုးဖြစ်တယ်။ သူတို့နဲ့ တန်းတူထားပြီးတော့ ဆေးကုသမှု မခံနိုင်ဘူး။ ဒါဆို ဦးတို့ ပြန်ဆင်းလာကြတယ်။ ကိုယ့်ရွာမှာ လက်လှမ်း မှီသလောက်ပဲ ကုတယ်။ ကုလို့ မရတဲ့ အဆုံး သေသွား၊ ပျောက်သွားတာတွေ ရှိတယ်။”

ပညာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံတင်ပြခဲ့ပေမယ့် လည်း ဘာမှ မထူးခြားခဲ့ဘူးလို့ ကမန်လူကြီးတွေက ဆိုပါတယ်။ လက်ရှိမှာတော့ သွားလာ လှုပ်ရှားခွင့်တွေ၊ ကျန်းမာရေ းကဏ္ဍတွေမှာ အနည်းငယ် ရရှိလာနေပြီဖြစ်ပေမယ့် အစိုးရ အပြောင်းအလဲဖြစ်သွားတဲ့ ဒီစာသင်နှစ်မှာလည်း အရင်အတိုင်းပဲ ဆက်သွားမလား။ ဆရာ၊ ဆရာမတွေ ချပေးမလား ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

The Physician ဇာတ်ကားထဲက ရောဘတ်ကိုးလ် လို သူတို့တွေကို အင်တာဗျူးမေးပြီးလို့ နောက်ဆုံးအနေနဲ့ ဘာပြောဦးမလဲလို့ ဆိုလိုက်တိုင်း တူညီတဲ့ ဘုံစကားတစ်ခုရှိပါတယ်။ အဲဒါကတော့ တခြားတိုင်းရင်းသားတွေ နည်းတူ တန်းတူအခွင့်အရေးရချင်တယ်ဆိုတာပါပဲ။

“မြန်မာနိုင်ငံအတွင်းမှာ နေတဲ့ တိုင်းရင်းသား လူမျိုးစုငယ် တစ်ခုဖြစ်တယ်။ ဦးတို့ လူမျိုးစု အနေနဲ့ နိုင်ငံရေးမှာ ပါတီဖွဲ့ပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အတိုင်းအထာလည်း မရှိဘူး။ သမ္မတ လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ ရခိုင်ပြည်အတွင်းမှာနေတဲ့ ရခိုင် တိုင်းရင်းသားနဲ့ တန်းတူ ရင်ဘောင်တန်းပြီး ပညာရေး လွတ်လပ်စွာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝရရင် ဦးတို့ လုံလောက်ပါပြီ။ ဦးက အဲလောက်ပဲ ပြောချင်တယ်ပေါ့။”လို့ ပြောရင်း ဦးထွန်းခင်က အဆုံးသတ်လိုက်ပါတယ်။

 51 total views,  1 views today