ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မနက်အရုဏ် ယောက္ခမ အိမ်က ကြက်ဖကြီး တွန်ကြူးသံဟာ ဒေါ်ချိုမာအေးအတွက် သဘာဝက ပေးတဲ့ နှိုးစက် တစ်ခုဖြစ်လို့ နေပါတယ်။ အဲဒီအချိန်ဆိုရင် သူမ အိပ်ရာက နိုးထရပါပြီ။ အိမ်ရှင် အမျိုးသား အလုပ်သွားဖို့ ထမင်းချိုင့်နဲ့ သူ အလုပ်မသွားခင် သား၊ သမီးအတွက် ပြင်ဆင်ချက်ပြုတ်စရာတွေ ရှိလို့ပါ။

ဒီကိစ္စတွေ ပြီးချိန်မှာတော့ သူ့ရဲ့ တစ်နေ့တာ လုပ်ငန်းက စတင်တော့မှာပါ။ သူက တစ်ရွာလုံးမှာ ဘယ်အမျိုး သမီးမှ မလုပ်တဲ့ အလုပ်ကို တစ်ဦးတည်း လုပ်ကိုင်ပါတယ်။ ဒါက ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီး တလျှောက်မှာ အမျိုးသားတွေလိုပဲ ဘေးတွဲဆိုင်ကယ် မောင်းတာပါ။ ဆိုင်ကယ်မောင်းတဲ့ အချိန်မှာလည်း ကျန်းမာရေး ချူချာပြီး နို့မပြုတ်သေးတဲ့ ကလေးငယ်ကို အမြဲ တင်ဆောင်သွားတတ်ပါတယ်။

“မိုးလင်း အရုဏ်မှာ ထမင်းချက်ပါတယ်။ အိမ်ရှင်နဲ့ သားသမီးတွေစားဖို့လိုတယ်။ ချက်ပြုတ်ပြီး ၇ နာရီဆိုရင် ဘေးတွဲထွက်ပါတယ်။ လူစောင့်နေချိန် လူမလာချိန်မှာ ကျမမှာ အဝတ် လျှော်ရတယ်။ ကျမက လက်တွေ ခြေတွေ မြန်တယ်။ ချက်တယ်ပြုတ်တယ်။ အကုန်လုံး လုပ်တယ်။”

ချိုမာအေးက ပြောပြခဲ့တာပါ။

တခါတခါမှာ အနီးအနားမှာရှိတဲ့ စစ်တွေမြို့တွင်းက သိန်းတန်၊ အမြင့်ကျွန်း စတဲ့ ရွာတွေကို သွားရသလို တခါတခါမှာ ဆိုရင်လည်း ၁၆ မိုင် နီးပါးဝေးလံတဲ့ ပုဏ္ဏားမြို့နယ်အတွင်းက ကွမ်းတောင်နဲ့ အနီးတဝိုက် ကျေးရွာတွေ အထိ သွားတယ်လို့ သူက ဆက်ပြီး ပြောပြပါတယ်။

“ကျမမှာက ၆ နာရီ၊ ၇ နာရီမှာ လူတွေ ခေါ်လာတယ်။ တစ်ခေါက်သွားမယ်ဆို သွားလိုက်တယ်။ မိန်းမတွေနဲ့ အသွားအပြန်ပါ။ ကျမ ကလေးက ဗိုက်ဆာပြိး ငိုပါတယ်။ ဒါဆို အိမ်ရှင်က ဖုန်းခေါ်တယ်။ ‘မလာသေးဘူးလား။’ ၇ နာရီ ၈ နာရီ ထိုးသွားတယ်။ ကွမ်းတောင်ထိ သွားပါတယ်။ အမြင့်ကျွန်းထိ သွားတယ်။ သိန်းတန်သွားပါတယ်။”

တကယ်တော့ သူ ဘေးတွဲ ဆိုင်ကယ်မောင်းတာ ၅ လလောက်ပဲ ရှိပါသေးတယ်။ အဖေ မွန်၊ အမေ ထားဝယ် လူမျိုးတို့က မွေးဖွားလာပြီး ထိုင်းနိုင်ငံမှာ ကြီးပြင်းလာတဲ့ သူဟာ အဲဒီမှာပဲ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိနေတဲ့ စစ်တွေမြို့နယ် ငတောက်တက်ရွာက ရွှေ့ပြောင်း လုပ်သားတစ်ဦးနဲ့ အိမ်ထောင်ကျသွားပါတော့တယ်။

ကလေး သုံးယောက်ရပြီး နောက်ပိုင်းမှာတော့ အမျိုးသားဖြစ်သူရဲ့ ဇာတိကျေးရွာကို ခဏတဖြုတ်ဆိုပြီး လိုက်ပါ လာခဲ့ပါတယ်။ ဒီလိုနဲ့ မိဘတွေ ရှိရာဆီ ပြန်သွားမယ့် ဆဲဆဲမှာပဲ မြန်မာ နိုင်ငံအတွင်း ကိုဗစ်ကပ်ဘေး ထဖောက်လိုက်၊ အာဏာသိမ်းမှု ပေါ်ပေါက်လိုက်နဲ့ မပြန်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ ဒီမှာနေရင်းပဲ အလုပ် တစ်ခုခု လုပ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် မရင်းနှီးလှတဲ့ ဒီနယ်မြေမှာ သူ့ အနေနဲ့ ငါးရှာဟင်းခူးလည်း မလုပ်တတ်ပါဘူး။ ဒါကြောင့် ထိုင်းမှာ လုပ်နေခဲ့တဲ့ ပန်းရံအလုပ်နဲ့ ဆိုင်ကယ်မောင်းတဲ့ အလုပ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာခဲ့တယ် ဆိုပါတယ်။

“မိသားစု ၄ ယောက် ရှိပါတယ်။ ခု ဘေးတွဲ မောင်းရတာက သား၊ သမီးစားဖို့ လိုပါတယ်။ မမောင်းရင် ကျမမှာ လုပ်စားဖို့ နည်းလမ်း မရှိဘူးလေ။ ရခိုင်မှာ ဆိုတော့ ဘာလုပ်စားမှ မတတ်ဘူး။ ကျမ တတ်တာက ဘေးတွဲ မောင်းတာရယ်။ ပန်းရံ လုပ်တာရယ်။ ကျမ ကလေးကလည်း ငယ်သေးတော့ ပန်းရံ လုပ်စားလို့ အဆင်မပြေဘူး။ ဒီလို ဘေးတွဲ မောင်းစားတယ်။ ဘေးတွဲမှာ တင်ပြီး သွားနေပါတယ်။”

ဘေးတွဲ ဆိုင်ကယ် မောင်းတဲ့ အလုပ်ဟာ တကယ်တော့ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ အဲဒီ လုပ်ငန်းကို လုပ်ကိုင် နေသူတွေ အတွက် ထိန်းချုပ်ရ လွယ်ကူပေမယ့်လည်း မောင်းလေ့မရှိတဲ့ သာမန် အမျိုးသားတွေ အတွက်တောင် ခက်ခဲပါသေးတယ်။ ဒီ အလုပ်ကို အမျိုးသမီးတစ်ဦး ဖြစ်တဲ့ အသက် (၃၁) အရွယ် ဒေါ်ခင်မာချို တစ်ယောက် ဘယ်လို စိတ်ထားမျိုးနဲ့ လုပ်ကိုင်ပါသလဲ။

“တစ်ခါတစ်လေ ဘေးတွဲ မောင်းပြီး ဆီကုန် သွားပါတယ်။ ဒါဆို ကိုယ့်ဟာကို တွန်းပြီး သွားရပါတယ်။ ဘေးတွဲ မောင်းရတာလည်း အရမ်း ထိန်းရ ခက်ခဲပါတယ်။ နှစ်ဘီးနဲ့ မတူပါဘူး။ ကျမက ထိန်းရလို့ လက်တွေ ညောင်းပါတယ်။ ဒါပယ်မဲ့ ဘယ်လိုလုပ်ရပါမလဲ။ ယောကျာ်းတွေ လုပ်စားလို့ ရတယ်။ ကိုယ်လည်း မိန်းမဖြစ်ပြီး ဘာလို့ လုပ်စားမရလဲဆိုပြီး အဲလိုစိတ်ထားပြီး မောင်းပါတယ်။”

မောင်းနှင်နေရင်းနဲ့ တစ်ခါတစ်လေမှာ ဆိုင်ကယ် ပျက်သွားတာ၊ လမ်းမှာ ဆီပြတ်သွားတာတွေကြောင့် အမျိုးသမီး တစ်ယောက်အနေနဲ့ ပင်ပန်းခဲ့ရတာတွေ ရှိသလို တစ်ခါတစ်ခါမှာလည်း ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။

“ဘေးတွဲ မမောင်းတုန်းကဆို ကျမ ဘာမှ မလုပ်တတ်ပါဘူး။ အဲလို ထမင်းချက် ဟင်းချက်။ အိမ်ရှင်လုပ်လို့ စားရေး သောက်ရေး အဆင်မပြေတာကြောင့် ကိုယ့်ဟာကို ဘေးတွဲ ထမောင်းတာပါ။ ဘေးတွဲလည်း မောင်းတယ်။ ထမင်းလည်းချက်တယ်။ အိမ်မှာ အလုပ်တွေပေါ့လေ။ ကလေးလည်း ထိမ်းရတယ်။ ဘေးတွဲ မောင်းနေချိန်မှာ လူက ခေါ်ရင် ကလေးပါ တင်သွားတယ်။ ကလေး အိပ်နေရင် အခန်းထဲမှာ ထားခဲ့လိုက်တယ်။”

ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ဆိုရင် ခြေသန်း တစ်ချောင်း ကျိုးသွားပြီး ဝင်ငွေ မရှိတဲ့ကြားထဲ တစ်လနီးပါး နားလိုက်ရတယ်လို့ သူက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေ အနေနဲ့လည်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မို့ ဆက်လက် မောင်းနှင်နေပေမယ့် နေ့စရိတ် မကိုက်တော့ဘဲ ကျန်းမာရေး မကောင်းတဲ့ သားငယ်လေးအတွက်လည်း ဆေးစရိတ် ပူပန်နေရတယ်လို့ ဆိုပါတယ်။

“လင်တစ်လုပ်၊ မယားတစ်လုပ် လုပ်တယ်ဆိုရင် ဝင်ငွေတွေ အများကြီး ရှိလာမယ်လေ။ ကလေးတစ်ယောက်က လည်း ရောဂါသည်။ အဲကလေးကို ရင်ကြပ်နာရှိလို့ ဆေးကုရတယ်။ သား၊ သမီး ၃ ယောက်ရှိတာ။ အကြီးဆုံးက ထိုင်းမှာ။ ဒီမှာ နှစ်ယောက်ပါလာတယ်။ ၆ နှစ်တစ်ယောက်၊ ၂ နှစ် တစ်ယောက်ပါ။ ကျမက (ယောက္ခမ) အိမ်မှာနေတာ အခန်းတွဲပြီးနေတာ။”

ရွာနီးတဝိုက်က အမျိုးသမီးတွေဆိုရင် အမျိုးသားတွေ သောက်စားမူးယစ်ပြီး မောင်းနှင်တာတွေ မြင်တွေ့ရလို့ ဒေါ်ချိုမာအေးနဲ့ပဲ အမြဲတမ်း လိုက်ပါ စီးနင်းကြတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူ့မိတ်ဆွေတွေဟာ ငွေကြေးကြပ်တည်းလို့ မစီးနိုင်ကြပေမဲ့ သူက သူတို့အတွက်ဆိုရင် အခမဲ့ မောင်းပေးဖို့လည်း အသင့် ဖြစ်ပေး နေသလို လိုအပ်လာရင်လည်း ညကြီးသန်းခေါင်လည်း မိန်းမတန်မဲ့ လိုက်ပေးတတ်ပါသေးတယ်။

“ကလေးတစ်ယောက် လမ်းမှာ သွားနေတာကို ကိုယ်က ဘေးတွဲမောင်းပြီး ပြန်လာပါတယ်။ လမ်းမှာ သွားနေတော့ ကလေးကို တိုက်ဖို့ နည်းနည်းလေးပဲလိုပါတယ်။ ကျမက ဖယ်တာကြောင့် ကျမ လဲကျသွားလို့ ခြေထောက် ကျိုးသွားပါတယ်။ စက်ကို ကစ် (Kick) ကန်နှိုးရတော့ ခြေထောက် နာနေတာလည်း မပျောက်သေး ဘူး။ ဆေးသောက်နေရသေးတယ်။”

တခါတခါမှာဆိုရင် အမျိုးသမီးတစ်ယောက် အခုလို ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီး လုပ်ကိုင် စားသောက် နေရတာကို ကူညီဖေးမမယ့်အစား ပျက်ရယ်ပြုတာတွေလည်း ခံရတယ်လို့ ဆိုပါတယ်။ အမြန်လမ်းပေါ်မှာ သူမ မောင်းနေတာကို တခြားယာဉ်တွေက အမျိုးသမီးဆိုပြီး အားတင်တာတွေလည်း ရှိတယ်လို့ သူမက ရင်ဖွင့်ခဲ့ပါတယ်။

“ဘေးတွဲမောင်းနေလည်း ကျမက သတိရှိပါတယ်။ တချို့တလေက ကားမောင်း အရမ်းကြမ်းတယ်။ ကားဖြတ်တော့ ကျမက ဘရိတ်ကိုက်လိုက်တယ်။ မိန်းမတစ်ယောက် ဘေးတွဲမောင်းနေလို့ ဖြည်းဖြည်း မသွားကြဘူး။ အားကုန်သွားတယ်။ ကြောက်တော့ကြောက်တာပေါ့။ ကြောက်ရင်လည်း ဘယ်လိုလုပ်ရမလဲ။ မောင်းစားနေရတာပဲ။”

အခုလို မိဘတွေမရှိတဲ့ သူစိမ်းနယ်မြေမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရတိုင်း သူမရဲ့မိဘတွေဆီကို ပြန်လိုတဲ့ အားငယ်စိတ်တွေ ဖြစ်ပေါ်ခဲ့ပေမယ့် သူဟာလည်း မိခင်နေရာရောက်နေပြီမို့ သား၊ သမီးတွေကို ကြည့်ရင်းနဲ့ပဲ အားယူခဲ့ရတယ်လို့ ဒေါ်ချိုမာအေးက ပြောပြပါတယ်။

ဒေါ်ချိုမာအေးကတော့ လက်ရှိနေထိုင်တဲ့ ယောက္ခမအိမ်ဘေးက တာပေါ်လင်စ မိုးထားတဲ့ ၈ ပေပတ်လည် သာသာ တဲအိမ်လေးကို စွန့်ခွာပြီး သမီးငယ်လေးနဲ့ မိဘတွေရှိရာဆီ ဘယ်တော့ပြန်နိုင်မှာလဲ ဆိုတာကိုပဲ တွေးနေမိတော့တဲ့ အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတော့တယ်။

“ကျမက အားငယ်ပါတယ်။ ဘာလို့ဆို မိသားစုက အဝေးမှာ။ မိဘကို လွမ်းပါတယ်။ သမီးလေးကလည်း ထိုင်းမှာဆိုတော့ သမီးလေးနဲ့ တူတူ မနေရပါဘူး။ စိတ်ထဲမှာက သားသမီး တွေနဲ့ တူတူ နေချင်ပါတယ်။ မိသားစု ၅ ယောက်ပေါ့။ ခုက လမ်းပိတ်ထားပါတယ်။ လမ်းဖွင်ရင်ပြန်ဖို့ စိတ်ရှိပါတယ်။ အားတော့ ငယ်တယ်။ စိတ်တော့ လုံးဝ မလျှော့ဘူး။ ကျမမှာ သားသမီး စားဖို့လိုတယ်။ ကိုယ်က အရေးမကြီးဘူး။”

 135 total views,  1 views today