ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့မှာ အခြေစိုက်ပြီး စီးပွားရေးနဲ့ ပတ်သက်လို့ စစ်တမ်း ကောက်ယူမှုတွေ ပြုလုပ်လေ့ရှိတဲ့ ရခိုင် စီးပွားရေး ဦးဆောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ရဲ့ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှာ အခြေခံ စားသုံးကုန်တွေဟာ မူလ က ထက် ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လောက် အထိ စျေးတက် နေတယ်လို့ သိရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာ သိမ်းပြီးနောက် အဲဒီ လုပ်ရပ်ကို မလိုလားတဲ့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြ သပိတ်မှောက်မှုတွေ စတဲ့ နိုင်ငံရေး မတည် မငြိမ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ အခုလို အဆမတန် စျေးမြင့် တက်မှုတွေကို ကြုံတွေ့ လာရတာလည်း ဖြစ်ပါတယ်။

ရခိုင်ဟာ ကုန်ချော ထုတ်လုပ်မှု နည်းပါးတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အလျောက် ပြည်မ ဖက်က လာတဲ့ ပစ္စည်းတွေကို မှီခို တင်သွင်းနေတာ ဖြစ်တဲ့အတွက် အဲဒီဖက်မှာ မငြိမ်သက်မှုတွေ ရှိလာတဲ့အခါ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ အဆင် မပြေတော့တာ ဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီးလည်း ကုန်စျေးနှုန်းတွေ တက်လာတာပါ။

Photo: Arakan Yoma

ရခိုင်စီးပွားရေး ဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌ ဦးခင်မောင်ကြီးက “ရန်ကုန်တို့က ကုန်ပစ္စည်းကို ရခိုင်ပြည်ကို သယ်ယူရတယ်။ နောက် ပြည်တို့၊ မန္တလေးတို့က အများ အားဖြင့် စားသုံးကုန် ပစ္စည်းတွေနဲ့ အရောင်းအဝယ် လုပ်ကြတယ်။ လက်လီ၊ လက္ကား ရှိတယ်။ အဲဒီ ဖက်က ထုတ်လုပ်တဲ့ လူသုံးကုန် ပစ္စည်း၊ စားသုံးကုန် ပစ္စည်းတွေကျ စျေးတက် သွားတာပေါ့လေ။” လို့ ပြောပါတယ်။

ဒီ အခြေအနေမှာ လက်လုပ်လက်စားတွေဟာ စားဝတ်နေရေး အခက်အခဲကို ခါးစည်း ခံနေကြရပါတယ်။ Arakan Yoma ရဲ့ လေ့လာချက်တွေအရ ဆိုရင် ဒီအချိန်ဟာ သူတို့ရဲ့ ဘဝမှာ အခက်အခဲဆုံး အချိန် လို့တောင် ပြောလို့ ရတဲ့ အထိ ဖြစ်နေကြတာပါ။

“ကုန်စျေးတေ ွတက်တယ်။ ငါး ရခဲ့ရင် ဟင်းမရခဲ့ဘူး။ ဟင်းနဲ့ စားတဲ့နေ ငါးမရှိဘူး။ ငပိ၊ ဆားကို မဝယ်နိုင်ဘူး။ ဟို အိမ်က နည်းနည်းပေးပါ။ အဲလို တောင်းစားရတယ်။ မဝယ်တဲ့နေ့ကို ပြောပြတာပါ။ တောင်းထည့် လိုက်တယ်။ ဆင်းရဲသားတွေက အဲလိုပေါ့။ မနေ့က ဆန်နှစ်ဗူး ချက်ခဲ့တာကို သမီး မစားခဲ့တဲ့ ထမင်းအကျန်ကို အရီးက စားထားတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ငွေ ၂ ထောင်မှာ ဆန် တစ်သစ်ကို ၁၀၀၀ ဖြစ်သွားပြီ။ တစ်သစ်နဲ့ တစ်ထပ်မစားရတဲ့ အိမ်အများကြီး။” လို့ အလုပ်ရှာဖို့ ထွက်သွားတဲ့ အိမ်ရှင်ကို စောင့်မျှော်နေတဲ့ အသက် (၄၇) နှစ်အရွယ် ဒေါ်မချေက ပြောပါတယ်။

Photo: Arakan Yoma

သူ ဆိုရင် စစ်တွေမြို့က နာဇီရွာ (ကုန်တန်းရပ်ကွက်) မှာ နေထိုင်တာပါ။ ဒီ ရပ်ကွက်ဟာ ဆိုရင် ဆင်းရဲ ချို့တဲ့သူ နင်းပြားတွေ အများစု နေထိုင်တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ လိုပဲ တခြား ဆင်းရဲ ချို့တဲ့သူ တွေလည်း အများကြီး ရှိပါသေးတယ်။ စစ်ဘေး ဒဏ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရတဲ့ ကြားထဲ ကိုဗစ်ကပ် ရောဂါ ဆိုက်လာပြီး အဲဒီ ကာလ မပြီးသေးခင်မှာဘဲ နိုင်ငံရေး အခင်းအကျင်းတွေ ထပ်မံ ပေါ်ပေါက် လာခဲ့ ပါတော့တယ်။

နို့စို့ အရွယ် ကလေးငယ်ကို ချီထားရင်းနဲ့ အသက် (၃၇) နှစ်အရွယ် ဒေါ်ဝင်းခင်က သူတို့ရဲ့ စားဝတ်နေရေး အခက် အခဲကို အခုလို ပြောပြလာပါတယ်။

“မမ အိမ်ရှင် (ခင်ပွန်း) လုပ်တယ်။ ဆန် ရရင် ငါး မရခဲ့ဘူး။ ငါး ရရင် ဆန် မရဘူး။ နေဝင်ရင် သူများဆီက ချေး ရတယ်။ အလုပ်သွားလို့ ချေး ရလားလို့ လူတွေက မေးတယ်။ နေ့တိုင်း အလုပ် သွားနေတယ်ကော မမ အိမ်သား (နေအိမ်ကလူတွေ နေ့တိုင်းအလုပ်သွားတယ်မလား) မှာ နေ့တိုင်း အိမ်ရှင် အလုပ်သွားတယ်။ ၁၀၀၀၀ ရခဲ့တယ်။ ၁၀၀၀၀ မှာ ကွမ်းတို့၊ ဆေးတို့ စားလိုက်တယ် ၂၀၀၊ ၃၀၀။ ဗိုက် ဆာတယ်။ မနက် ၄ နာရီကနေ သွားတာ။ လက်ဖက်ရည်လို့ သောက်လိုက်ချင်တယ်။ ဆိုင်ကယ် ကယ်ရီခ ၁၀၀၀ ထားရတယ်။ ခြေနဲ့ (လမ်းလျှောက်) သွားဖို့က ခေတ်က မကောင်းတဲ့ထဲ လူတစ်ယောက် ဆွဲခေါ် သွားရင်ရော။ မနက် ၄ နာရီ၊ ၃ နာရီ မှာ သူခိုး ထင်ကြရင်ရော။ မိုးလင်းရင် ၆၀၀၀ ပဲ ပါလာတယ်။ ငွေ ၆ ထောင်၊ ၇ ထောင်မှာ မမတို့ အိမ်မှာ ဆန် ၆ ဗူး၊ ၇ ဗူး ဆန်မှာ ၃၀၀၀။ မီးသွေး တစ်ထောင် ၄ ထောင် သွားပြီ။ ပြီးရင် ကလေးတွေ မုန့်ဖိုး တောင်းနေ ကြပြီ။ အိပ်ယာနိုးရင် သားသမီးတွေ တစ်ယောက်ကို ၂၀၀ ကျ ဆိုရင်လည်း မရှိတဲ့ လူမှာ ၂၀၀ လည်း မရဘူး။ သူများ သားသမီး ၃ ချိန် (ကြိမ်) စားရင် တစ်ချိန် (တစ်ကြိမ်) စားရမယ် ၁၀၀၊ ၂၀၀ ဖြစ်ဖြစ် မိဘ မစားဘဲ ချန်ထားရတယ်။ ”

ဒီလို အိမ်မှာ နေပြီး အိမ်ထောင် ဦးစီးတွေရဲ့ လုပ်အားခ အပေါ် ခွဲဝေ အသုံးပြုနေရတဲ့ အမျိုးသမီး အိမ်ရှင်မတွေလိုပဲ အိမ်ပြင်ထွက်ကြရတဲ့ အိမ်ရှင်တွေရဲ့ အခက်အခဲကလည်း မသေးလှပါဘူး။ တစ်နေကုန် လုပ်မှပဲ ငွေ ကျပ် တစ်သောင်းလောက် ရသလို အဲဒီထက် နည်းတဲ့ ပမာဏကို ရသူတွေလည်း ဒုနဲ့ ဒေးပါပဲ။ ဒီထဲမှာ အလုပ် မလုပ်ရတဲ့ နေ့တွေကလည်း ရှိကြပါသေးတယ်။

စစ်ရေး ပဋိပက္ခတွေကြောင့် စစ်တွေမြို့ကို ပြောင်းရွှေ့လာပြီး ငါး လုပ်ငန်းခွင် တစ်ခုမှာ ကုန်တင်ကုန်ချ လုပ်ကိုင်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါ ကျေးရွာသား ဦးမောင်စောရွှေက “ကျနော်တို့ သိုက်ဝယ်စားတဲ့ (ဒေသအခေါ် သိုက် မှာ ဆန် တစ်သိုက် နှစ် သိုက် စသဖြင့် ရေတွက် ပုံ ဖြစ်ပါသည်။ မြန်မာတို့၏ ရေတွက်ပုံအရ ဆိုလျှင် တစ်ပြည်၏ ထက်ဝက် ဖြစ်သည်။ နို့ဆီဗူး လေးဗူးအရေအတွက်နှင့်လည်း ညီသည်) သူတွေ ဆိုရင် အရင်တုန်းက ၇၀၀၊ ၆၀၀ အဲလိုဝယ်စားရတယ်။ ခု တစ်ထောင် ဖြစ်နေတယ်။ ဆန်စျေးနှုန်းက။ အခက်အခဲက အလုပ်အကိုင်နဲ့ အကြပ်အတည်းဖြစ်တယ်။ ရတဲ့ လုပ်အားခနဲ့ လိုက်မမီတာပါ အကို။ လုပ်လိုက်လို့ ၅ ထောင်ရတဲ့အခါ ရတယ်။ ၈ ထောင် ရတဲ့ အခါ ရတယ်။ အိမ်မှာ စားတာနဲ့ တစ်ရက်တာ တစ်ရက် အဲလို မျောနေရတာပါ။ ဒီကြားထဲ အိမ်တွေ ဘာတွေ လုပ်တာက အခက်အခဲ ဖြစ်သေးတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကို ပြည်မ ဖက်က ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အခက်ခဲ ရှိနေသလို ရခိုင်ပြည်နယ်က ထွက်ကုန် တချို့ကိုလည်း တင်ပို့လို့ မရတာကြောင့် ငါး၊ ပုစွန်လုပ်ငန်း တချို့ကိုပါ ရပ်တန့် ထားရပါတယ်။

ရခိုင်ပြည်နယ်မှာ နေအိမ်တွေကို ပြုပြင် မွမ်းမံတာ၊ အသစ် ဆောက်လုပ်တာ စတဲ့ လုပ်ငန်းတွေကို မိုးရာသီ အတွက် ကြိုပြီး သင်္ကြန် မတိုင်ခင် လုပ်ထားလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ရသမျှ လုပ်အားခ တွေဟာ စားဝတ်နေရေးမှာပဲ သုံးစွဲ နေရလို့ နေအိမ်ဟောင်းပြီး မခိုင်ခံ့တော့မှန်း သိကြပေမယ့်လည်း မပြုပြင် မဆောက်လုပ်ကြ ရသေးပါဘူး။ အသက် (၆၃) နှစ်အရွယ် ဦးလေး ဆိုရင် ကျန်းမာရေး မကောင်းတာကြောင့် အလုပ် မလုပ်နိုင်တော့ဘူး လို့ ဆိုပါတယ်။

မိန်းမဖြစ်သူရဲ့ အဝတ်လျှော်လို့ရတဲ့ လုပ်အားခနဲ့ စားဝတ်နေရေးကို ဖြေရှင်း နေရတဲ့ ဒီ မိသားစုမှာ ငွေပို ငွေလျှံ မရှိတာကြောင့် မိုးမတိုင်မီ ဝါးတဲ အိမ်ကလေးကို မပြုပြင် နိုင်မှာကို စိုးရိမ် နေပါတယ်။

“ဦးလေးက မလုပ်နိုင်တော့ဘူး။ မိန်းမက အဝတ်လျှော်ပြီး ရှာကြံစားတယ်။ သားလေး တစ်ယောက်ကလည်း အလုပ်ကျတဲ့အခါ ကျတယ်။ မကျတဲ့ အခါ မကျဘူး။ သူများဆီမှာ လုပ်တာ။ သူများက အလုပ်ခေါ်မှ လုပ်ရတာ။ ဒုက္ခ အမျိုးမျိုး ကြုံရတယ်။ ခုဆိုရင် အိမ်အမိုး မရှိသေးဘူး။ မင်းတို့မြင်တဲ့ အတိုင်းပဲ။ အိမ်ကလည်း မသန့်ရှင်းဘူး။ အပျက်အဆီးနဲ့ တိုင်တွေလည်း အကုန်ဆွေးနေပြီ။ လုပ်ဖို့ ဟာက အဆင် မပြေဘူး။ ခုက စားရေးသောက်ရေး ကလည်း ကုန်စျေးနှုန်းက မြင့်တက်လာတဲ့ အခါမှာ ပိုဆိုးတယ်။ တစ်ယောက် မဟုတ်ဘူး အကုန်လုံး အခက်အခဲ ဖြစ်နေကြတယ်။” လို့ အလင်းတန်း ဖြာကျနေတဲ့ မျက်နှာ ကျက်ပေါ်က မိုးယို ပေါက်တွေကို တချက်ကြည့်ပြီး ပြောပါတယ်။

နေရပ်ကို ပြန်ရောက်တာ မကြာသေးတဲ့ ဒေါ်မချေတို့ မိသားစုမှာ ဆိုရင် အိမ်တောင် မရှိသေးပါဘူး။ သူများခြံထဲ တဲထိုးပြီး နေနေရတာပါ။ ဒါကြောင့် မိုးရာသီ ရောက်လာရင် ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို တွေးရင်း မြေပေါ်မှာ ဖျာခင်းအိပ်တဲ့ အိပ်ယာပေါ်မှာ သက်သောင့်သက်သာ ထိုင်ရင်းနဲ့ အခုလို ရင်ဖွင့် ပါတော့တယ်။

Photo: Arakan Yoma

“ထမင်တောင် ချက် မစားရတာ။ အရီးမှာ ဘယ်က ရမလဲ ဆန်။ တစ်ဗူး မှ မရှိဘူး။ မယုံရင် မေးကြည့်။ တဲထိုးနေတယ်။ တဲတောင်မှ အပေါ်က အုန်း (သက်ကယ်) မဟုတ်ဘူး ။ ပလတ်စတိတ် မိုးပြီး နေတာ။ မိုးကျရင် ဘယ်အိမ်မှာ ၁ သောင်းနဲ့ ရမလဲ ရှာနေတာ။ ဒီ တဲထဲမှာ နေတာ မိုးကုန်ကနေ နေတာ ဒီအိမ်မှာ။ ဒီ အိမ်က လူတွေက နေဖို့နေရာ မရှိတာကြောင့် ခေါ်ထားတာ။ ပထမ ဟို အိမ်မှာ နေတာ တစ်လ ၁၅၀၀၀ နဲ့။ တစ်လ မပေး နိုင်လိုက်တာကြောင့် အဲဒီ အိမ်က နှင်လိုက်တာ။ ဒီ အိမ်သားတွေက သနား တာကြောင့် ဒီမှာ နေလာကြ .. ဒီမှာ တဲဆောက်ပြီး နေဆိုတာကြောင့် အရီးတို့ ဒီမှာ နေတာ။ စားဖို့ အတွက်က မပူတော့ဘူး။ ငတ်ရင်လည်း ငတ်ပလေ့စေ။ နေမဲ့နေရာ က အဓိက ဖြစ်နေတယ် အရီးက ခု။ မိုးလည်း ကျတော့မယ်။ သင်္ကြန်လွန်ရင် ဘယ်လိုနေရမလဲ။ ညအိမ်မရှိ ယာမရှိ အဲလို။ အဲဒါကို စဉ်းစားနေတာ အရီး။ တစ်ရက် တစ်ရက် လာရင်။ ငတ်ရင်လည်း ငတ်ပါစေ။ ဒီနေ့ ငတ်ရင် မနက်ဖြန် စားရ လိမ့်မယ်။ အဲလို စိတ်ကို ထားတယ် ခု လောလောဆယ်။ မိုးကျရင် ဘယ်မှာ နေရမလဲ အဒီ စိတ်ကိုပဲ ထားတယ်။ ကျန်တာ မစဉ်း စားဘူး။”

 200 total views,  1 views today