ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပါတ်မှာတော့ ငပလီကမ်းခြေမှာ ခရုခွံလေးတွေကို အမှီပြုပြီး အသက်မွေးကြသူတွေအကြောင်းကို တင်ဆက် ပေးချင်ပါတယ်။

ခရုခွံလေးတွေကို အမှတ်တရပစ္စည်းလေးတွေ ပြုလုပ်ရောင်းချကြတဲ့ လုပ်ငန်းဟာ ငပလီရဲ့ အဓိကစီးပွားရေးလုပ်ငန်း တခု ဖြစ်နေပါသေးတယ်။

သူတို့တွေ ခရုခွံတွေရဖို့ ဘယ်လိုရှာကြသလဲ၊ ဘယ်လိုပစ္စည်းလေးတွေ ပြုလုပ်သလဲ၊ သူတို့ စိန်ခေါ်မှုတွေ ကြားထဲမှာ သူတို့တွေ ဘယ်လိုရပ်တည်နေကြလဲ စတဲ့အကြောင်းအရာတွေကို သိရဖို့ ငပလီဒေသခံတွေကို တွေ့ဆုံမေးမြန်းထားတာပါ။

ငပလီကမ်းခြေဆိုတာ ရခိုင်ပြည်နယ်ထဲမှာ လူသိအများဆုံးနဲ့ လာရောက်လည်ပါတ်အပန်းဖြေသူ အများဆုံး ကမ်းခြေ တခုပါ။ ငပလီကမ်းခြေပတ်ဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်ကြသူအများစုကတော့ ကမ်းခြေကိုပဲ အမှီပြုပြီး လုပ်ကိုင် စားသောက်ကြတာပါ။ ရေလုပ်ငန်း၊ ဟော်တယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း ဒေသထွက်ကုန် ရောင်းချတဲ့ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါများတဲ့နေရာတခုပါ။ ငပလီကမ်းခြေကို လာရောက် လည်ပတ် သူတိုင်းဟာ ပုံသဏ္ဍာန် အရောင်အသွေး မျိုးစုံရှိတဲ့ ခရုခွံလေးတွေနဲ့ အလှဆင်ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းတွေကို သတိထားမိကြမှာပါ။

ရှည်လျှားတဲ့ ကမ်းခြေတလျှောက်က အများပြည်သူ အပန်းဖြေရာ နေရာတွေမှာပဲဖြစ်ဖြစ်၊ ဟိုတယ်ကြီးတွေနဲ့ လမ်းမ တန်းက ဆိုင်တွေမှာပဲဖြစ်ဖြစ် ခင်းကျင်းပြသပြီး ရောင်းချနေကြတာက ခရုအလှဆင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဆိုင်တန်းတွေထဲမှာ ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချတာရှိသလို လုပ်ပြီးသားတွေကို တဆင့်ခံ ရောင်းချ ကြတာတွေလဲ ရှိပါတယ်။ ကိုယ်တိုင်လုပ် ကိုယ်တိုင်လဲ ရောင်းချတဲ့ ပုပုကတော့ သူ့ဆိုင်မှာရနိုင်တာတွေကို  အခုလိုပြောပါတယ်။

“ခရုကလစ် လက်ပတ် ဆံထိုး ခရုဆွဲကြိုး ခန်းဆီးလိုက်ကာ မီးဆိုင်း လေးတွေ ခရုပန်းအိုးလေးတွေ ပန်းခြင်းလေးတွေ နောက်ပြီး အရုပ်မျိုးစုံ ထုတ်တယ်ပေါ့။ ခရုနဲ့ ပတ်သက်တဲ့ အရုပ်လေးတွေ။” မပုပုက ပြောပါတယ်။ “ခရုကလစ်မှာ ကပ်တဲ့ဟာဆို ကြွေစေ့နဲ့ အချောစေ့၊ လက်ပါတ်မှာ အဲ့ဒါပဲ အသုံးများတယ်။ ပန်းခြင်း တောင်းတွေမှာကျတော့ ဂျိတ်စေ့တွေ အများဆုံးဖြစ်တယ်။ ခန်းဆီးလိုက်ကာမှာကျတော့ ဂုံးချောခွံလေးတွေ ဖက်လိပ်တွေပေါ့”

ဖြူဖြူ၊ ၀ါဝါ၊ ညိုညို အပြောက်ပြောက် အရောင်အသွေးမျိုးစုံနဲ့ ခရုခွံလေးတွေက မြင်သူတိုင်း မကြည့်ရရင် မနေနိုင် လောက်အောင် ဆွဲဆောင်နိုင်မှာပါ။ ခရုလေးတွေ အဆင်ဆန်းလွန်းလို့ အတုလို့တောင် ထင်ကြတယ်လို့လဲ သူက ပြောပါတယ်။

“အမှတ်တရ ပစ္စည်းဆိုတော့ ဧည့်သည်တွေကတော့ သူ့ဟာနဲ့သူ အကုန်ကြိုက်ပါတယ်။  ဘယ်ဟာပိုပြီး ကြိုက်တယ်လို့ မရှိဘူး။ သူတို့က ကမ်းခြေမှာပဲ ရတာကိုး။ လာလို့ရှိရင် အထူးအဆန်းပဲ အကုန်လုံး၊ အံ့သြလွန်းလို့ အတုလား အစစ်လားလို့တောင် အမေးခံရတယ်။ ခရုလေးတွေက ထူးဆန်းလို့လေ … အမျိုးတွေက အများကြီး ကျွန်မတို့ မမြင်ဖူးတာတွေတောင်ရှိတယ်။”

ငပလီ မ-ဇင် ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်လှလှခိုင်ကလည်း ခရုပစ္စည်းတွေ ကိုယ်တိုင်ပြုလုပ် ရောင်းချတာပါ။ သူ ဒီလုပ်ငန်းကို လုပ်ကိုင်လာတာ မိဘတွေလက်ထက်ကတည်းကဖြစ်တယ်လို့ ပြောပါတယ်။ ငပလီက ဘယ်နေရာမှာ ဘယ်လိုခရုခွံလေးတွေ ရနိုင်သလဲ ဆိုတာ သူကအခုလို ရှင်းပြပါတယ်။

“အဲ့ဒါက ဘာလဲဆိုတော့ တရွာကို တမျိုးထွက်တယ် ခရုလေးတွေက၊ အမျိုးအစားလေးတွေ မတူဘူး။ ဟိုဘက် ဂျိတ္တောဆိုရင် ခရုအ လို့ ခေါ်တဲ့ သေးသေးလေးတွေ၊ ဂျိတ်စင်လို့ သော့ချိတ်လုပ်တဲ့ ခရုလေးတွေ ထွက်တယ်။ ဒီဘက်က မြပြင် လင်းသာ လင်းသာကကျတော့ ဂုံးခွံ ဖြူဖြူလေးတွေထွက်တယ်။ ငပလီကတော့မရဘူး ငပလီကို ကျော် ဇီးဖြူကုန်း၊ မဇင်၊ အဲ့ဒီက ကြွေစေ့တို့ ဒေါင်စေ့တို့ အဲ့ဒါလေးတွေရတယ်။”

ထူးခြားလှတာကတော့ ငပလီမှာ တနေရာက တမျိုးစီ ထွက်ရှိတဲ့ ခရုခွံလေးတွေကို စုဆောင်းပြီး စိတ်ကူးပုံဖော် ဖန်တီး ကြတာပါ။ မိုးရာသီမှာ ခရုခွံတွေစုဆောင်းပြီး ခရီးသွားတွေလာတဲ့ အချိန်မှာ အဆင်သင့် ရောင်းချနိုင်ဖို့ ပြင်ဆင် ထုတ်လုပ် ထားရတယ် လို့ ပုပု ကရှင်းပြပါတယ်။

“သူ့ဟာနဲ့သူ အချိန်ပေးရတယ်။ ခရုလက်ပတ်တကွင်းဆိုရင် ကြိုးမှာကပ်လိုက်တာဆိုတော့ ကြိုးထိုးဖို့ အတွက်ရော အဆင့် လေးငါးခြောက်ဆင့်လောက် လုပ်ရတယ်။ ထိုးတဲ့လူရော ဖြတ်တဲ့လူရော ကပ်တဲ့လူရော ခရုကအစ အချိန်ပေး  ပြီးတော့ လုပ်ရတယ် မိုးရာသီကတည်းက လုပ်ရတယ်။ နွေရာသီမှာ လုပ်ရင်တော့ လိုက်မမီဘူး။ ဒီအလုပ်က အချိန်ပေးပြီး လုပ်ထားမှ၊ စုထား ဆောင်းထားမှ။ နောက်ပြီး ခရုတွေက နွေရာသီရောက်ရင် သိပ်ပြီးမပွားတော့ဘူး။ သူက လှိုင်းကြီးမှ ပွားတာ။ ကမ်းခြေရဲ့အောက်မှာလှိုင်းနဲ့ သဲကြမ်းနဲ့ အဲလိုမှပွားတာဆိုတော့ မိုးရာသီကတည်းက စုဆောင်းထားရတယ် နွေရာသီကတော့ ကမ်းခြေမှာလဲ သိပ်မရှိတော့ဘူး လှိုင်းသေးသွားတဲ့အခါ။”

ငပလီကမ်းခြေမှာ နေထိုင်သူတွေက မိုးရာသီမှာ တခြားအလုပ်တွေ မလုပ်နိုင်သေးခင် ခရုခွံလေးတွေ ရှာဖွေတဲ့ အလုပ်က ၀င်ငွေရနိုင်ပါတယ်။ မြပြင်ရပ်ကွက်မှာနေတဲ့ သဲသဲက ကမ်းခြေမှာ ခရုတွေကောက်နေသူပါ။ ခရုခွံလေးတွေ ရရှိဖို့အတွက် ဒီရေကျချိန်ကိုစောင့်ရင်း ကျောက်ဆောင် ကျောက်တုံးတွေကြားမှာ တင်ကျန်ရင်ခဲ့တဲ့ ခရုခွံတွေကို ရှာဖွေတာလို့ ပြောပါတယ်

“မိုးတွင်းကျရင် ကောက်တာပေါ့။ နွေရာသီဆိုရင် ကောက်လို့လဲ မရတော့ဘူး၊ ရှိလဲ မရှိတော့ဘူး ပေါ်လဲ မပေါ်တော့ဘူး။ ဒီနေ့တော့ မနက်အစောကြီးကနေကောက်တယ်။ ရေအတက်အကျပေါ်မူတည်ပြီးတော့ ကောက်ရတာပါ့။ အဲ့ဒါက တပြီကို ခြောက်ရာရတယ် ကြွေလေးတွေကျတော့ တဘူးကို ရှစ်ရာရတယ်။”

ဒါပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခရုခွံတွေ ရတာနည်းလာတဲ့အတွက် အမှတ်တရ ပစ္စည်းလေးတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းရဖို့ကလည်း အခက်အခဲဖြစ်လာရပါတယ်။ ကုန်ကြမ်းကို တခြားနေရာတွေက မှာယူနေရပါပြီ။

“အရင်တုန်းကဆိုတော့ လွယ်တယ် အခုကတော့ နဲနဲ ရှားသွားပြီ ပစ္စည်းတွေက။ ခရုလဲ သိပ်မပွားတော့ဘူး ဆိုတော့ ကမ်းခြေရှိတဲ့နေရာ ရဲကျွန်းတို့ မန်အောင်ကျွန်းတို့ ဂွ အဲ့နေရာတွေက ရောက်တယ်။ ငပလီကမ်းခြေမှာ သိပ်မရှိတော့ဘူး။ ဧည့်သည်ကလဲ များတဲ့အခါကျတော့ မိုးရာသီခဏပဲ နွေရာသီဆိုတော့ ကောက်လို့ လုံးဝမရှိတော့ဘူး ခရုက ရှားသွားတဲ့ သဘောပေါ့။”

ဒေသ ဖွံ့ဖြိုးလာတာ၊ အလွန်အကျွံ ကျောက်နဲ့ သဲထုတ်လုပ်တာတွေကြောင့် သဘာဝသွင်ပြင်တွေ ပြောင်းလဲလာပြီး အကောင်းအဆိုး ယှဉ်တွဲနေတဲ့ ပြောင်းလဲမှုတွေက ခရုတွေ အရင်လို ရှာဖွေမရနိုင်ဖြစ်နေရတာပါ။ ဒေါ်လှလှခိုင်က မှတ်မှတ် ရရဖြစ်နေတဲ့ အကြောင်းအရာကို ခုလို ပြောပါတယ်။

“ကျွန်မတို့ ငယ်ငယ်တုန်းကဆို လင်းရိုးတောင်ဆိုတာရှိတယ်။ အဲ့ဒီတောင်ကြီးက ခြင်္သေ့တကောင် ၀ပ်နေသလိုပဲ။ တောင်ရှည်တန်းကြီး။ အဲ့ဒီလင်းရိုးတောင်နားမှာ ပုတီးစေ့တွေပေါ်တယ်ဆိုပြီးတော့ ပုတီးစေ့ ကောက်သမားတွေရဲ့ အဓိကနေရာ။ ပုတီးစေ့တွေ ယူမကုန်ဘူး။ ပုတီးစေ့ကောက်တဲ့သူတွေဆိုတာ လင်းရိုးတောင်ကြီးနားမှာ ကြက်မလေးတွေ ၀ပ်နေသလို ခမောက်ကလေးတွေနဲ့ ဟာ….. အများကြီးပဲ၊ အဲ့ဒီမှာ လေယာဉ်ကွင်း စီမံကိန်းတွေလုပ်တယ် ဟိုတယ်တွေ စီမံကိန်းတွေ လုပ်တဲ့အခါ ကျောက်လိုတယ်လေ ကျောက်လိုတော့ ဒီက ကျောက်တူးကြတာ။ ကျောက်တူးရင်း တူးရင်းနဲ့ ကျောက်ကလဲ ဈေးကွက်ဝင်လာတယ်လေ။  ဈေးကွက်ဝင်တော့ ကျောက်တွေကို ထုရင်း ထုရင်းနဲ့ အခု မရှိတော့ဘူး လင်းရိုးတောင်ကြီး။ လင်းရိုးတောင်ကြီး ဘယ်နားမှာလဲဆို ကျောက်တပုံပဲရှိတော့တယ်။”

ကိုယ့်ဆီက ထုတ်ကုန် ပစ္စည်းလေးတွေ ကိုယ့်ကမ်းခြေမှာပဲ ရောင်းချရသလို တခြားဒေသတွေကို တင်ပို့ရောင်းချရတာလဲ ရှိပါတယ်။

“ကမ်းခြေပစ္စည်းဆိုတော့ ကိုယ့်ကမ်းခြေမှာတော့ ပိုပြီးရောင်းရတယ်။ ပို့ရတာကတော့ ကျိုက္ခမီ စက်စဲ၊ ကျိုက်ထီးရိုး၊ ရွှေစက်တော် တို့ အဲ့လိုဒေသတွေ၊ ဘုရားပွဲတော်လေးတွေမှာဆို အမှတ်တရလေးတွေ ရောင်းရပါတယ်။ တနေရာမှာ တခုတမျိုးစီပေါ့။”

ဒါပေမယ့် ခရုခွံတွေ ရှားလာတဲ့အတွက် ကုန်ကြမ်းအခက်အခဲဖြစ်လာတဲ့အတွက် တခြားနေရာတွေကို မှာယူရလို့ ကုန်ကျစရိတ်ကလဲ ပိုလာတာပါ။ ချောင်းသာကထုတ်တဲ့ အမှတ်တရ ပစ္စည်းတွေရဲ့ လက်ရာကို လိုက်မမှီနိုင်သေးတာကလဲ လုပ်ငန်းမှာ

အကျိုးအမြတ်နည်းပါးရတယ်လို့ ဆိုပါတယ်။ ပုပုကတော့ သူ့လုပ်ငန်းအခြေအနေကို အခုလိုပဲ ပြောပါတယ်။

“အရင်တုန်းကတော့ ပစ္စည်းပေါတယ်၊ ဈေးပေါတယ်၊ ဒါပေမယ့် ဒီ ပစ္စည်းက သိပ်မပေါက်ဘူး။ လူသုံးနည်းတယ်။ နောက်ပြီး ငပလီကမ်းခြေက ချေုာင်းသာနဲ့ မတူဘူး ချောင်းသာက လူတွေကျတော့ အဆန်း အဆန်းလေးတွေ ထွင်တတ်တယ်။ ဒီကလူတွေကတော့ ရိုးရိုးပဲ ခရုတလုံးဆို တလုံးလိုက် ကပ်လိုက်တယ်။ ထွင်ပြီးမလုတ်တတ်တဲ့အခါ ရိုးရိုးသားသား ပစ္စည်းလေးလို ဖြစ်နေတယ်။ ဆိုတော့ ဈေးလဲ သိပ်မရ၊ ခုကတော့ သူ့ဟာနဲ့သူ လူတွေက သဘာဝပစ္စည်းလေးတွေ ကြိုက်လာတဲ့အခါ ဈေးကတော့ ကြီးလာတယ်။ ကျွန်မတို့ ၀ယ်ရတဲ့ ကုန်ကြမ်းလဲ ကြီးလာတယ်။ ဒါပေမယ့် အမြတ်နည်းသွားတယ်။ ရောင်းအား သွက်တယ်။ အမြတ် နည်းသွားတယ်။ ကိုယ့်အတွက် ကျန်တာနည်းသွားတယ်။”

ငပလီဒေသခံတွေအတွက် အရင်က ခရုကောက်တာဟာ အဓိက၀င်ငွေရတဲ့ လုပ်ငန်းတခုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ခရုကောက်ခြင်းကို အားလပ်ချိန်အပိုဝင်ငွေရှာတဲ့ အလုပ်တခုအနေနဲ့ပဲ လုပ်နိုင်ကြပါတော့တယ်။ မ-ဇင် က ဒေါ်ခင်ခင်လှကတော့ ခရုရှားပါးလာတာ ထုတ်ကုန်လျော့နည်းလာတာ တွေကြောင့် အခက်အခဲတွေကို အမှတ်တရပစ္စည်းဆိုင်လေးတဆိုင် ဖွင့်လှစ်လိုက်ပြီး ဖြေရှင်းဖို့ကြိုးစားနေပါတယ်။

“ခရုမကောက်ရလို့ စားစရာမရှိဖြစ်သွားတယ်လို့တော့ မဟုတ်ဘူး။ ကျွန်မတို့ မိသားစုကတော့ ခရုပဲ လုပ်စားတာ။ ကျွန်မတို့ကတော့ နည်းနည်းတော့ ကြပ်တည်းသွားတယ်ပေါ့။ ဒါပေမယ့် မနှစ်ကစလို့ ကျွန်မတို့လဲ ကမ်းခြေမှာ ဆိုင်ထွက်လိုက်တယ်လေ။ ခရုပဲ အားကိုးနေလို့ မရတော့ဘူးဆိုပြီး ကမ်းခြေမှာ ဆိုင်ထွက်လိုက်တယ်။ ခရုတမျိုးတည်း မဟုတ်ဘူး ငပလီ အင်္ကျီတို့ အစုံပေါ့။ ဒီလိုပဲ လုပ်ငန်းကတော့ တဖြည်းဖြည်း ပြောင်းသွားတာပေါ့။”

Leave a Reply

Your email address will not be published. Required fields are marked *