ရိုးမရေဒီယိုမဂ္ဂဇင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သီးခြားဌာနခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားသော မောင်တောခရိုင် အဝေးသင်တက္ကသိုလ်တွင် တက်ရောက်မည့် အင်္ဂလိပ်စာနှင့် ပထိဝီဘာသာရပ် အထူးပြု ကျောင်းသူ၊ ကျောင်းသား ၄ ဦး ရှိသည်ဟု အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

“လောလောဆယ်ကတော့ အောက်တိုဘာအဝေးသင် ဒုတိယအသုတ်မှာ တက်မယ့်ကျောင်းသား ၄ ဦးပဲရှိတယ်။ မောင်တောရယ်၊ ဘူးသီးတောင်ရယ်၊ သံတွဲရယ်ပေါ့။ သက္ကယ်ပြင်မပါသေးဘူး။ သက္ကယ်ပြင်က နိုဝင်ဘာအဖြတ်မှ ပါမယ်။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

အဆိုပါ အဝေးသင်ဒုတိယအသုတ် အောက်တိုဘာလတွင် တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား ၄ ဦးတွင် ဘူးသီးတောင်မြို့နယ်မှ ၂ ဦး၊ မောင်တောမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၁ ဦးဖြစ်ပြီး ၎င်းတို့မှာ အင်္ဂလိပ်စာနှင့် ပထဝီဝင် ဘာသာရပ်အထူးပြု တတိယနှစ် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်သည်။

နိုဝင်ဘာလတွင် ဖွင့်လှစ်မည့် အဝေးသင်တတိယအသုတ် မြန်မာစာနှင့် သမိုင်းအထူးပြု ဘာသာရပ်များကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား ဦးရေကို အတိကျ မသိရသေးဘဲ စာရင်းပြုစုနေဆဲဖြစ်ပြီး ယင်းအသုတ်တွင် ယခု အသုတ်ထက် ကျောင်းသားဦးရေ ပိုများလာနိုင်ကြောင်းလည်း ဒေါက်တာသိန်းဝင်းက ဆိုသည်။

“အောက်တိုဘာအသုတ်က အဝေးသင် ဒုတိယအသုတ်ပေါ့။ နိုဝင်ဘာအသုတ်က အဝေးသင်တတိယအသုတ်ပေါ့။ အတန်းမတူတဲ့အတွက် အောက်တိုဘာမှာတော့ တက်မယ့်သူနည်းတယ်။ နောက်ဆုံးအသုတ်ကိုတော့ သက်ဆိုင်ရာက စာရင်းလုပ်နေတယ်။ အတိကျမဖြစ်သေးဘူး။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

ယခုအသုတ်အတွက် ကျောင်းသူ၊ ကျောင်းသားများအား အနီးကပ်သင်တန်း ပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာများ ပြုစုခြင်းတို့အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ဆရာ၊ ဆရာများက လာရောက်ပြသမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများကြောင့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများမှာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပြီးနောက် မောင်တောခရိုင်တွင် သီးခြားအဝေးသင်ဌာနခွဲတစ်ခုကို ယခုနှစ်တွင် စတင်ဖွင့်လှစ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သီးခြားဌာနခွဲများကို စစ်တွေမြို့ရှိ သက္ကယ်ပြင်၊ မောင်တောမြို့နှင့် သံတွဲမြို့များတွင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *