ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဘင်္ဂလားပင်လယ်ပြင်ထဲမှာ ရာသီဥတုသာယာလာပြီဆိုတာနဲ့ ဂွ၊ သံတွဲ၊ ငပလီ စတဲ့ ကမ်းခြေတွေက ကျော့ပိုက် လုပ်သားတွေ ပင်လယ်ပြင်ထွက်ဖို့ ပြင်ဆင်နေကြပါပြီ။

ညနေပိုင်း လေးနာရီ ၀န်းကျင် အချိန်လောက်ဆိုရင် ပင်လယ်ကမ်းခြေတလျှောက်မှာ စက်လှေတွေ အုပ်စုလိုက် ပင်လယ်ပြင်ကို ထွက်ခွာနေကြတာကို တွေ့မြင်ရမှာပါ။ သူတို့ ဘယ်ကို သွားပြီး ငါးရှာကြမှာလဲ၊ ဘယ်လိုငါးတွေရလဲ၊ အကျိုးအမြတ်ကို ဘယ်လို ခွဲဝေကြသလဲ စတဲ့ စိတ်လှုပ်ရှားစရာ၊ ထိတ်လန့်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာ ပင်လယ်ပြင်အတွေ့ အကြုံတွေကို ပြောပြချင်ပါတယ်။

ကျော့ပိုက်လုပ်သားတွေဟာ မိုးရာသီအတွင်းမှာ ငါးဖမ်းလှေတွေ ပြုပြင်မွမ်းမံတာ၊ ငါးဖမ်းပိုက်တွေ၊ စက်ကိရိယာ အသုံး အဆောင်တွေ စုဆောင်းတာလုပ်ပြီး မိုးကုန်တာနဲ့ ငါးဖမ်းထွက်ကြဖို့ ကြိုတင် ပြင်ဆင်ရပါတယ်။ ဦးသန်းနိုင်က သံတွဲမြို့ ဂျိတ္တောရွာမှာ နေထိုင်သူတစ်ဦးပါ။ ရေလုပ်သားဘ၀ကနေ ဦးစီး၊ ပဲ့ကိုင်အထိ လုပ်ခဲ့ပြီးမှ ကျော့ပိုင်ဖောင်ကို ကိုယ်တိုင် တည်ထောင် လုပ်ကိုင်လာသူပါ။ သူက အခုလို ရှင်းပြပါတယ်။

“လုပ်ငန်းစတင်တာကတော့ မြန်မာလနဲ့ဆိုရင် သီတင်းကျွတ်လ၊ အင်္ဂလိပ်လနဲ့ဆိုရင် နိုဝင်ဘာလပေါ့။ အဲ့ဒီလမှာ စတယ်။ ဆောင်းတွင်းနဲ့ နွေရာသီကို ကျွန်တော်တို့ အလုပ်လုပ်တယ်ပေါ့။ အလုပ်လုပ်ပြီး ၆ လပိုင်းပေါ့၊ ဇွန် (ကဆုန်လ) လောက်ပေါ့ အဲဒီလမှာ ရာသီသိမ်းတယ်။ စုစုပေါင်းအလုပ်လုပ်တဲ့လက ၅ လ ကနေ ၆ လခွဲပေါ့ အဲ့ဒီလောက် အလုပ် လုပ်တယ်။”

အလျားပေ ၅၀ ကျော် သစ်သားလှေတွေကို မြင်းကောင်ရေ ၂၀ အထက် အင်ဂျင်တွေနဲ့ မောင်းနှင်အသုံးပြုကြပါတယ်။ ပိုက်တင်တဲ့ ခေါင်းဆောင်လှေကြီး၊ မီးထွန်းဖို့ အင်ဂျင်ပါတဲ့လှေတစီး၊ ရတဲ့ငါးကို သယ်ယူဖို့ လှေတစီး သုံးစီးပါတဲ့ လှေအပ်စု တဖွဲ့ကို ကျော့ပိုက် တဖောင်လို့ခေါ် ပြီး လုပ်သား ၁၅ ယောက်က ၂၅ ယောက်အထိ ပါဝင်လုပ်ကိုင်ရတာပါ။ ကိုလှဌေးက နှစ်ပေါင်း နှစ်ဆယ်ကျော် ကျော့ပိုက်လုပ်ငန်း လုပ်ကိုင်ခဲ့သူပါ။ သူတို့အဖွဲ့ ဘယ်လို ငါးဖမ်းကြလဲဆိုတာ အခုလို ပြောပြပါတယ်။

“ကျော့ပိုက်က သုံးစီး တစီးမှာပိုက်ရှိတယ်။ သူကတော့ ခေါင်းဆောင်လှေကြီး၊ ပြီးရင် နောက်လိုက် လှေလေး နှစ်စီး ကတော့ မောင်းတဲ့စက်ရယ် မီးထွန်းတဲ့စက်ရယ်။ ဒိုင်နမိုတွေနဲ့၊ မီးသီးက တတန်းမှာ ခြောက်လုံးလောက်ရှိတယ် သုံးတန်း၊ အရင်တုန်းက တစ်ရာ့တစ်ဆယ်အားလေးတွေရှိတယ်။ မီးသီးအားတွေက နောက်ပိုင်းဆိုရင်မြင့်လာတယ်။ အခုဆိုရင် အများကြီး အများကြီး မြင့်လာပါပြီ။ အရင်တုန်းက တလုံးကို လေးငါးရာခေတ်က အခု ဆိုရင် သိန်းချီတောင်မှ သုံးနေကြပြီ။  အဲ့ဒါတွေနဲ့ မှောင်တာနဲ့ မီးထွန်းတာပေါ့။ ဟိုဘက် ဒီဘက်ချပြီးတော့ မီးထွန်းတာ။ မီးထွန်းတဲ့အခါမှ မီးရောင်ကြောင့် ငါးလိုက် လာတာပေါ့။ ည တညလုံးထွန်းထားလိုက်တာ မိုးလင်း လေးနာရီလောက်ကျမှ ပိုက်နဲ့ ၀ိုင်းရတာ။  ဟိုအရင်ကဆို လက်နဲ့ ဆွဲရတယ်။ နောက်မှ တဖြည်းဖြည်းတိုးတက်လာတော့ စက်တွေနဲ့ ဆွဲ”

ကျော့ပိုက်လုပ်ကိုင်သူတွေက ကိုယ်နေထိုင်ရာနဲ့ အနီးအနားက ပင်လယ်ပြင်မှာ ငါးရှာကြသလို တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ခရီးထွက်ပြီးတော့ လုပ်ကိုင်ကြတာလဲရှိပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးက သဇင်နဲ့ ငွေဆောင်၊ ရခိုင်ပြည်နယ်ထဲမှာပဲ မာန်အောင်ကျွန်း၊ ကျောက်ဖြူမြို့နယ်ထဲက ဇင်ချောင်း၊ ရမ်းဗြဲက နဂါး၊ ကင်းချောင်း၊ စတဲ့ နေရာတွေကို ခရီးထွက်ပြီး လုပ်ကိုင်ကြတာပါ။ ဘယ်နေရာ ဘယ်ဒေသမှာပဲ လုပ်လုပ် သူတို့တွေရဲ့ အလုပ်ချိန်က ညနေ ၄ နာရီ လှေ စထွက်တဲ့အချိန်က နောက်နေ့ မနက် အရုဏ်တက်ချိန်ထိ ဖြစ်ပါတယ်။ စက်လှေစထွက်ပြီဆိုတာနဲ့ ကျော့ဖေါင်တခုလုံးရဲ့ ခေါင်းဆောင် ပဲ့ကိုင်ရဲ့ ညွှန်ကြားချက်အတိုင်း လှေဦးစီးနဲ့ လုပ်သားတွေက တာဝန်ခွဲဝေ လုပ်ကြ ရတာပါ။ လှေဦးစီးလုပ်ခဲ့ဖူးတဲ့ ကိုလှဌေးက အခုကို ပြောပြပါတယ်။

“နောက်က တက်မကိုင်က ဘယ်ကိုရောက်အောင်သွားမယ်လို့ ပြောတာနဲ့ ကျွန်တော်တို့က ရောက်အောင် သွားရတယ်။ သူနဲ့ ကိုယ်နဲ့ နှစ်ယောက် တိုင်ပင်ပြီးတော့။ ငယ်သားကတော့ အိပ်ပြီ။ သူ့တာဝန်ဘာမှမရှိဘူး။ မီးထွန်းဖို့ နေရာရောက်ပြီဆိုရင် ကျွန်တော်က အမြဲတမ်း ငါးကို ကြည့်နေရတယ်။ ဒီငါးက ဘယ်လိုအခြေအနေရှိတယ်။ ထူတယ် ပါးတယ် ဆိုတာကို တက်မကိုင်ကို ပြောနေရတယ်။ တက်မကိုင်က မေးနေတယ် ခဏခဏ၊ ကျွန်တော်ကလည်း အဲ့ဒါကို ကြည့်နေရတယ်။ ဒီနေရာမှာ တကယ်လို့ ငါးပါးတယ်ဆိုရင် ကျောက်ဆွဲရဖို့၊ ဦးစီးက ဆွဲရတယ်။ ပင်ပန်းတယ် ဦးစီးက။ ကျောက်ဆွဲပြီး ဦးစီးက တနေရာကိုပြောင်း။ ဒီလောက်မှာ ချသင့်တယ်ဆိုချ။ ကျန်တဲ့သူက အိပ်နေ ကိုယ်ကတော့ အလုပ်လုပ်နေရတာပေါ့။ ဦးစီးနဲ့ တက်မကိုင်က တာဝန်ကြီးတာပေါ့။”

မနက်အရုဏ်မတက်ခင် လေးနာရီလောက်ဆိုရင်တော့ တညလုံး မီးထွန်းထားလို့ ရောက်နေတဲ့ငါးတွေကို ပိုက်လုပ်သားတွေက ပိုက်ဝိုင်းဖို့ ပိုက်ဆွဲတင်ဖို့ တာဝန်စပါပြီ။ စက်ကိရိယာတွေ မသုံးနိုင်သေးခင်ကတော့ လက်နဲ့ပဲ ဆွဲကြရတာပါ။ ပိုက်လုပ်သားတယောက် ဘယ်လောက်အထိ လုပ်ကိုင်ရတယ်ဆိုတာ ကိုလှဌေးက အခုလိုရှင်းပြပါတယ်။

“ပင်ပန်းလွန်းအားကြီးလို့ ထမင်းစားလို့ မရတော့ဘူး။ စက်မပေါ်တဲ့ခေတ်က လက်နဲ့ဆွဲရတယ်။  ဒီ သံကွင်းကြိုး ကြီးတွေကို။ တခါတလေ အကြောင်းမလှလို့ ပင်လယ်ပြင်မှာ ကျောက်တွေဘာတွေ ငြိတယ်ဆိုရင် မနက်လေးနာရီ လောက်က သွားလိုက်တာ ဒီကို ညဘက် ၈ နာရီမှ ရောက်တယ်။ ထမင်းဆာအားကြီးလို့ လေးဘက်ကုန်းတက်ရတယ် အိမ်ကို ဗိုက်ဆာအားကြီးလို့”

လုပ်သားကနေ တက်မကိုင်အထိ ကိုယ့်တာဝန်နဲ့ ခွဲဝေယူပြီး လုပ်ကိုင်ကြရသလို တက်မကိုင်နဲ့ လှေဦးစီးတို့က ငါးရမယ့် နေရာကို ရှာဖွေနိုင်ရတဲ့ အတွေ့အကြုံနဲ့ အရည်အချင်းလဲ ရှိဖို့လိုပါတယ်။ အဲ့ဒီအတွက် ကိုယ့်ထက်ဝါရင့်တဲ့ ဆရာတွေဆီက သင်ယူကြရတာပါ။ ဘယ်အချိန် ဘယ်နေရာမှာ ငါးရနိုင်တယ်ဆိုတာ မှတ်သားထားရပြီး အဲ့ဒါကိုမှတ်ချက်လို့ ရေလုပ်သား တွေက ပြောကြပါတယ်။

“မှတ်ချက်ဆိုတာ နဂို လူကြီးတွေရဲ့ ဟိုတောင်နဲ့ ဟို ချိုင့်နဲ့၊ ဒီတောင်နဲ့ ဒါနဲ့ အဲ့လိုမျိုးတွေ မှတ်ချက်တွေ ရှိတယ်။ ဒါတွေကို ရှေ့ကလူကြီးတွေကပြော ကျွန်တော်တို့က မှတ်ထား။ မနေ့ကရောက်တဲ့နေရာကို ဒီနေ့ ရောက်အောင် သွားရတာပဲ။ လှေကို ဦးတည်ပြီး တန်းလို့ သွားတယ်။ အဲ့ဒီနေရာကိုရောက်ရင် …. ဒါကတော့ မှန်းချေပေါ့၊ ဒီနေရာမှာတော့ ငါးကရှိသင့်တယ် အဲ့လိုထင်ရင် အဲ့ဒီနေရာမှာ ကောက်ပြီးတော့ချ မီးထွန်း အဲ့လိုပဲပေါ့။”

လသာရက်တွေဆိုရင်တော့ သူတို့တွေရဲ့ အလုပ်နားရက်တွေပါ။ သူတို့ရဲ့ အလုပ်လုပ်ရက်က တလကို ၂၂ ရက်လောက် လုပ်ကြရတယ်လို့ ဆိုပါတယ်။ ရေလုပ်သားတွေကတော့ အဲ့ဒီ အလုပ်လုပ်ချိန် ၂၂ ရက်ကို တမှောင် လို့ သတ်မှတ်ပါတယ်။

“အကြမ်းဖျဉ်းပြောရင် လလို့တွက်တယ်။ ကျွန်တော်တို့ ဒေသမှာကျတော့ မှောင် လို့ပြောတယ်။ မှောင် ဆိုတာက ကျွန်တော်တို့ ဒီ လသာတယ်၊ လမသာဘူးပေါ့။ လမသာတဲ့ ရက်တွေကို အဓိကထားလုပ်တယ်။ လသာတဲ့ရက်တွေဆို အလုပ်နားရတဲ့ သဘောရှိတယ်။ အဲ့ဒီတော့ လတလရဲ့ လပြည့်ကျော် ၂ ရက် ၃ ရက် အဲ့ဒီ ၃ ရက်လောက်ကပင် လုပ်လိုက်တာ နောက်တလ အဆန်း ၁၄-၁၅ လပြည့်ကာနီးပေါ့ ကြားထဲမှာ ၂၂ ရက် အလုပ်လုပ်တယ်။ အဲ့ဒါကိုပဲ တလစာလို့ သတ်မှတ်တယ်။”

သူတို့ တမှောင်လုပ်ပြီးတဲ့အချိန်ဆိုရင်တော့ ကျော့ပိုက်ပိုင်ရှင်ဆီက လုပ်အားခတွေကို ရှင်းပေးတော့မှာပါ။ တမှောင်မှာ ရှာလို့ရခဲ့တဲ့ ၀င်ငွေကို စုပေါင်းထားပြီး ပိုက်ရှင်ကဝေစု၊ လုပ်သားတွေရဲ့ ဝေစုကို သဘောတူထားတဲ့အတိုင်း ခွဲဝေကြပါပြီ။ လုပ်အားခ ငွေရှင်းတဲ့အခါ ရာခိုင်နှုန်းနဲ့ ခွဲဝေပေးတာရှိသလို လစာနဲ့ ပေးတာလဲရှိတယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။ တခါတလေ ပိုက်လုပ်သားတွေမှာ အရေးပေါ်ငွေလိုအပ်တာ ကျန်းမာရေးအတွက် လိုအပ်တာမျိုးရှိရင်တော့ ပိုက်ရှင်ဆီက ကြိုတင်ငွေ ထုတ်ပေးထားရတာလဲ ရှိပါတယ်။

“နှစ်မျိုး သုံးမျိုးလောက်ခွဲတယ်။ ပထမတမျိုးကတော့ ရလာတဲ့အပေါ်မှာမူတည်ပြီးတော့ သူတို့ကို ၃၀ ပေါ့၊ ကျွန်တော်တို့က ၇၀၊ အဲ့ဒီ ၃၀-၇၀ မှာ လုပ်သားတွေက လိုက်ရုံပဲ၊ ပိုက်လိုက်၊ ဘာမှပေးစရာမလိုဘူး။ ရတဲ့ အကျိုးအမြတ် ထဲက ၃၀ ကို လိုက်တဲ့သူ ၁၅ယောက်၊ ၂၅ ယောက် ကခွဲယူတယ်။ ကျွန်တော်တို့ ၇၀ မှာ ဆီဖိုး၊ စက်ပြင်ခ၊ ပိုက်ပြဲသွားတာ၊ လှေနာသွားတာ အဲ့ဒါတွေကျတော့ ကျွန်တော်တို့က ကိုယ့်ဥစ္စာကိုယ်လုပ်၊ အဲ့ဒီ စနစ်နဲ့သွားတယ်။ ဒုတိယ တမျိုးက လခနဲ့သွားတယ်။ ပိုက် ပိုင်ရှင်တွေက ကိုယ့်ဆီမှာရှိတဲ့ လုပ်သားတွေကို ဘယ်နည်းကို ကြိုက်လဲ၊ သူတို့က အဲ့ဒီနည်း ကောင်းတယ်၊ ကြိုက်တယ်ဆို အဲ့ဒီနည်းသုံးတယ်။ တချို့က ဘယ်နည်းသုံးမယ်ဆို အဲ့နည်းသုံးတယ်။”

နေ့စဉ်ရလာတဲ့ ငါးထဲက ရေလုပ်သားတွေအတွက် စားဖို့ ခွဲဝေပေးရသလို အဲ့ဒီ ဝေပေးတဲ့ငါးကို ပြန်ရောင်းတာ၊ ငါးခြောက် လှန်းထားတာ လုပ်နိုင်တဲ့အတွက် ရေလုပ်သားတွေအတွက် နေ့စဉ်ဝင်ငွေကလဲ ရပါသေးတယ်။ တက်မကိုင်နဲ့ လှေဦးစီး တို့ကတော့ လုပ်သားစုအတွက် ရတဲ့ ဝေပုံကျ ၃၀ ရာခိုင်နှုန်းထဲက အချိုးကျရတဲ့အပြင် ဆရာကြေးအနေနဲ့  ရတဲ့ငါးရဲ့ ရာခိုင်နှုန်းတချို့ကို ခံစားခွင့်ရှိပါသေးတယ်။

“တထောင်မှာ တဆယ်ပေးမယ်ဆိုရင် အဲ့ဒီထဲမှာ ခွဲပြီးတော့မှ ဦးစီးက သုံးကျပ်၊ တက်မကိုင်က ခုနစ်ကျပ်ရတယ် အရင်တုန်းကဆိုရင်။ ဒီခေတ်ကျတော့ ဦးစီးက ငါးကျပ် တက်မကိုင်က ဆယ့်ငါးကျပ် အဲ့လိုရသေးတယ်။ ထပ်ပြီးရသေး တယ် အပိုငွေပေါ့။ ဆရာကြေး အဲ့လိုမျိုးရှိတယ်။”

တကယ်တော့ ပိုက်တဖောင်အတွက် စိုက်ထုတ်ရတဲ့ အရင်းအနှီးကလဲ နည်းလှတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံး အရင်းအနှီးအဖြစ် သိန်းသုံးရာကျော်လောက် ရှိသလို တရာသီမှာလဲ အနည်းဆုံး သိန်းနှစ်ရာလောက် ကြိုတင်ကုန်ကျ ရတယ်လို့ ပိုက်လုပ်ငန်းရှင် ကိုကျော်ဝေစောက ပြောပါတယ်။

“လှေတွေရော ပိုက်တွေရော စက်တွေရော တန်ဖိုးဆိုရင် သိန်းသုံးရာအကျော်မှာပဲရှိတယ်။ သိန်းသုံးရာ့ ငါးဆယ် ၀န်းကျင်မှာကို ကုန်ကျတယ်။  တနှစ်ကို ပြင်ဆင်စရိတ် ဆိုတာ သိန်းတရာ့ငါးဆယ်ရဲ့ အထက်မှာပဲရှိတယ်။ ပြင်ဆင်စရိတ် တောင်မှ။ ရာသီချိန်မှာဆင်းတဲ့ ဆီဖိုး .. ကျွန်တော်တို့သုံးတဲ့ ဒီဇယ်တို့ ဘာတို့သုံးတဲ့အဖိုးတွေ၊ အလုပ်လုပ်တဲ့အချိန်မှာ လုပ်သားခ၊ လုပ်သားခ ကြိုတင်ထုတ်ပေးတဲ့ငွေ တို့ဆိုတာက အဲ့ဒီအချိန် သိန်းငါးဆယ်နဲ့ တရာကြားမှာ ထပ်ကုန်တယ်။”

ဒီလိုငါးတွေရခဲ့ရင်တောင်မှ ငါးဈေးကွက်ကို ကုန်သည်တွေကပဲ ထိန်းချုပ်ထားတဲ့အတွက် ရေလုပ်သားတွေက ပေးတဲ့ဈေးနဲ့ပဲ ရောင်းချလိုက်ရတာ များပါတယ်။ ဒေသဖွံ့ဖြိုးမှုအခြေအနေအရ အအေးခန်းစက်ရုံတွေ မတည်နိုင်သလို ရောင်းမကုန်တဲ့ ငါးကို ငါးခြောက်လှန်းဖို့ သောင်ပြင်ဧရိယာ နည်းလာတာက ရေလုပ်သားတွေ နစ်နာနေရတယ်လို့ ဆိုပါတယ်။ အစိုးရက ထိုက်သင့်သလို ကူညီပေးဖို့ မျှော်လင့်တယ်လို့ ကျော့ပိုက်လုပ်ငန်းရှင် အသင်း ဥက္ကဌလဲဖြစ်တဲ့ ကိုကျော်ဝေစောက ပြောပါတယ်။

“အရင်းအနှီးလိုတဲ့အတွက် SME ကို အတတ်နိုင်ဆုံး ကျွန်တော် လိုက်လုပ်တယ်။ ဒါပေမယ့် ကျွန်တော် သတင်းကြားသလောက် ရေလုပ်ငန်းနဲ့ ပတ်သက်လို့ လျာထားချက်မပါဘူးလို့ သိရတယ်။ ရေလုပ်ငန်းနဲ့ ပတ်သက်လို့ SME က သိန်းနှစ်ရာအောက်လို့ ပေးနိုင်ခဲ့မယ်ဆိုရင် ရေလုပ်ငန်းတွေ ပိုပြီး ဖွ့ဖြိုးလာမယ်၊ ပိုပြီးတော့လည်း အကူအညီအထောက်ပံ့ပိုရလာမယ်လို့ ထင်တယ်။”

ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်း ရှာဖွေကြပေမယ့် မျှော်လင့်သလို၊ ထင်ထားသလို ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တခါတလေ မထင်မှတ်ပဲ ငါးတွေရလို့ ပျော်ရတာလဲ ရှိပါတယ်။

“ပိုက်ဝိုင်းတာနဲ့ ပိုက်ဆွဲလို့ မရတော့ဘူး။ သံကွင်း တစ်ရုံ တစ်တယ်။ ဆွဲလို့မရတော့ဘာလဲပေါ့။ ကျောက်များ ငြိနေလား.. ကျွန်တော် ဦးကနေသွားပြီးတော့ တက်နဲ့ စိုက်ကြည့်လိုက်တာ အဲ့ဒီတက်က ရေထဲ မဖောက်ပဲနဲ့ လှမ်းနေတယ် ဟာ ဘာလဲ မြင်လဲ မမြင်ဘူး ဒါကြီး ဘာဖြစ်လဲ ဘာလဲပေါ့ … ဟာ. … တဖြည်းဖြည်းနဲ့ … နောက် ဘယ်ဟုတ်ဖို့လဲ … ငါး …. ငါး …. ငါး …. ငါး …. တပြင်လုံးဗျာ အဲ့ဒီထဲမှာ ပြည့်နေတာပဲ။ အဲ့ဒီခါတုန်းက လှေ ခြောက်စီးတိုက်ရတာ။ တခြား ထူးထူးဆန်းဆန်းကတော့ မထင်မှတ်ပဲနဲ့ ငါးနီတူဝိုင်းလိုက်တာ ကျွန်တော့ယောက်ဖက အဲ့ဒီတုန်းက တက်မကိုင်ပေါ့ . ဘာမှ မမြင်ပဲ ငါးကို ဆွဲရင်း ဆွဲရင်းနဲ့ ငါးရောင်တွေ အဲ့ဒါကြီးတွေ ပေါ်လာတာ။ အဲ့ဒါက မထင်မှတ်ပဲရတာ ၀မ်းသာတာပေါ့။ သူ့ထက်မြင့်တာကျတော့ ယူးဇနား (ငါးမုတ်) ဒါမျိုးလဲ ရဖူးတယ်။ ယူးဇနား ရတုန်းကလဲ အခဲလိုက်ကြီး ပင်လယ်ပြင်ထဲမှာ။ ကိုယ့်အတွက် မှတ်မှတ်ရရ ၀မ်းသာဖို့ကောင်းတာတွေပေါ့။”

တကယ်တော့ ပင်လယ်ဆိုတာ မာယာများလွန်းပါတယ်၊ အခုသာယာနေပေမယ့် ခဏတွင်းချင်း လေကြီး မိုးကြီးနဲ့ ကြမ်းတမ်း ခက်ထန်လာတတ်ပါသေးတယ်။ ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရှင်သန်ခဲ့ရတဲ့ အတွေ့အကြုံကို ဦးသန်းနိုင်က အခုလို ပြန်ပြောင်း ပြောပြပါတယ်။

“ညဦးပိုင်း ကိုးနာရီလောက်ကမောင်းတာ ကမ်းကို လုံးဝမရောက်ဘူး။ ရှေ့ကို နည်းနည်းတိုးတယ်၊ နောက်ကို နည်းနည်းရွေ့တယ်၊ အဲလိုမမောင်ပဲနဲ့ ကျောက်ချထားလို့လဲ မရဘူး။ ကျောက်ချထားရင်လဲ ပြတ်ရင် ပြတ်၊ မပြတ်ရင် ကျောက်က ပေါ်ပါတယ်။ ကျွန်တော်တို့ ကျောက်လဲမချရဲဘူး။ ဒီတိုင်းပဲမောင်းတယ်။ ဘယ်လောက်ထိမောင်းလဲဆိုရင်  နောက်မှာရှိတဲ့ ရှပ်ရိုး၊ ပန်ကာလည်တဲ့နေရာတွေက မီးခိုးထွက်တယ်။ တညလုံးမှ မသတ်တာ။ ရှေ့က ကျွန်တော်ကိုယ်တိုင် မောင်းတဲ့စက်နဲ့ နောက်ကလှေတစီး၊ ပိုက်တင်ထားတဲ့လှေကို တွဲပြီးမောင်းရတာ ကျွန်တော်က။ နောက်ကလှေမှာ စက် မရှိဘူး။ အခုမှသာ စက်တွေသုံးကြတာ။ ကမ်းကို တဖြေးဖြေးမောင်းလာတဲ့အခါ ကမ်းခြေကို ရောက်တဲ့အခါ စက်တွေ ပြန်သုံးလို့မရတော့ဘူး။ ကမ်းကို ဘယ်သူဆွဲတင်မှန်း မသိတော့ဘူး။ နောက်ပိုင်းလူတွေ ဘယ်သူမှ မရောက်တော့ဘူး။ တော်တော်များများ ဆုံးသွားတယ်။ ကျွန်တော်တို့ကမ်းခြေမှာ အဲ့ဒီတုန်းက ကင်းချောင်း၊ ဇင်ချောင်း၊ အဲ့ဒီနေရာမှာ ကျွန်တော်တို့ သိရသလောက် လူပေါင်း သုံးရာနီးပါး ဆုံးရှူံးသွားတယ်။”

ကျော့ပိုက်လုပ်ငန်းလုပ်သူတွေ အားလုံးကတော့ အဆင်ပြေကြ၊ အမြတ်အစွန်း ရကြတာတော့ မဟုတ်ပါဘူး။ ဦးသန်းနိုင်က ထိုက်သင့်သလောက် အမြတ်ကျန်ပေမယ့် ဒီနှစ်မှ စလုပ်တဲ့ ကိုဇော်နိုင်ထွန်းကတော့ ဆုံးရှူံးမှုရှိခဲ့ပါတယ်။

“ငါးများများရရင်တော့ ကိုက်တာပေါ့။ မရရင်တော့ ရှူံးတာပေါ့။ ကျွန်တော်က မနှစ်ကတော့ ရှူံးတယ်။ ဒီနှစ်ရှူံးတယ်၊ နောက်နှစ်ခါ မြတ်မယ်၊ နောက်နှစ်ရှူံးရင် နောက်တနှစ်ခါ မြတ်မယ် ဒီလိုပဲ မျှော်လင့်ချက်လေးနဲ့ လမ်းလျှောက်နေရတယ်။ ပင်လယ်ထဲက လုပ်ငန်းဆိုတာကတော့ ကြိုတင်ခန့်မှန်းလို့မရဘူးလေ။”

ပင်လယ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန်လှုပ်ရှားခဲ့ပြီး ကျန်းမာရေးအခြေအနေအရ ပင်လယ်ထဲကို မထွက်နိုင်တော့ပေမယ့် ကျော့ပိုက်လုပ်ငန်းကို သံယောဇဉ်ကြီးလှတဲ့ ကိုလှဌေးကတော့ ကမ်းခြေမှာ ပိုက်တွေဖာရင်း ပင်လယ်ကို ငေးမျှော်ကြည့်နေဆဲပါ။

“အခုကျတော့ ကျွန်တော် ဘာမှမလုပ်နိုင်ဘူးလေ။ ဒါပေမယ့် အားတဲ့အချိန်လေးမှာ ၀င်ငွေလေးရအောင်တော့ ကျားပိုက်လေးတွေဖာတယ်။ တခြားနေရာထက်စာရင် ဒီလုပ်ငန်းက ၀င်ငွေကောင်းပါတယ်။ တော်တော်ကောင်းတယ်။ မြန်မာနိုင်ငံမှာ တော်ရုံနေရာမှာ ရှိမယ်မဟုတ်ဘူး။ တရက်လုပ်ရင် တသောင်းရတယ်။ မနက် ၇ နာရီက ၁၁ နာရီ ထမင်းစားမယ် ၁ နာရီက ၅ နာရီထိဆို တသောင်းရတယ်လေ။ ပိုက်ကလေးလုပ်တောင်မှ။”

Leave a Reply

Your email address will not be published. Required fields are marked *