ရန်ကုန်က နာမည်ကြီး ရခိုင်မုန့်တီဆိုင်တွေနဲ့ အထင်ကရ မုန့်တီဆိုင်များမှာ မကြာမကြာ တွေ့ရတဲ့ “စနဲသုပ်” မီနူးကတ်ပါ စာလေးကို အားလုံး သတိပြုမိကြမယ်ထင်ပါတယ်။ မုန့်တီနဲ့ ဘာမှမကွာဘူး ထင်ရပေမယ့် စနဲသုပ်ဟာ ရခိုင်မုန့်တီနဲ့ အပြိုင် ဘာကြောင့် နာမည်ရလာရသလဲ။ ဘာကြောင့် စနဲသုပ် ခေါ်တွင်ရတာလဲ။ သူ့မှာ ရခိုင်မုန့်တီနဲ့ မတူ တမူထူးခြားတာက ဘာလဲရော ဆိုတာ စိတ်ဝင်စားမိကြမယ် ထင်ပါတယ်။ ဒီနေ့တော့ နာမည်ကြီး “စနဲသုပ်” အကြောင်း စပ်စူးကြည့်ရအောင်ပါ။

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လူနာမည်ကိုဖြစ်ဖြစ်၊ ဒေသ အစားအစာကိုဖြစ်ဖြစ်၊ တခြားတစ်ခုခုကိုဖြစ်ဖြစ် အမည်မသိတဲ့အခါမှာ။ ဒါမှမဟုတ် ချစ်လို့ ခေါ်ကြရင်း နာမည် တွင်သွားတာမျိုးတွေကို ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြပါလိမ့်မယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ဒီလို တွင်သွားတာ တစ်ခုရှိပါတယ်။

အဲဒါက စနဲသုပ်ပါ။ စနဲသုပ်ဆိုပေမဲ့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျောက်ဖြူမြို့နယ်က မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ စနဲမြို့မှာ စားရင်း သောက်ရင်းနဲ့ စနဲသုပ်ဆိုပြီး တွင်သွားတာပါတဲ့။

တကယ်တော့ အဲဒီအသုပ်ဟာ ရခိုင်မုန့်တီနဲ့ မုန့်ဟင်းငါး (ခါး) တို့လို အစားအစာတွေ ထည့်စားတဲ့ မုန့်ဖတ်ဖြစ်ပြီး အဲဒီမုန့်ဖတ်ကိုပဲ တစ်ခြားနည်းလမ်းတစ်ခုနဲ့ ထွင်ပြီး သုပ်စားတာပါ။
ပုံစံကတော့ နည်းနည်းကွဲပါတယ်။

“စနဲသုပ်က ငါးပိအစိမ်းကို ရေနွေးမှာထည့်ဖျော်လိုက်တယ်။ သုပ်ဖို့ကျတော့ ငပိထည့်တယ်။ ငါးထည့်တယ်။ ငရုပ်သီးစီမ်း၊ ငရုပ်သီးမှုန့်၊ ဆား၊ ဟင်းချိုမှုန့်၊ ချဉ်သီးထည့်တယ်။ ပြီးမှ နယ်လိုက်တယ်။ ပြီးမှ မုန့်ဖတ်အပြားလိုချင်လား။ အလုံးလိုချင်လားထည့်တယ်။ အကြော် ထည့်တယ်။ အဲဒါနဲ့ သုပ်လိုက်တယ်။ စနဲသုပ်မှာ အစပ်မှ ပိုကောင်းတယ်။ အစိုက ပိုကောင်းတယ်။ နည်းနည်းဖုံသွားရင် အရသာမရှိ တော့ဘူး။ အဲလိုမျိုး။ ဆီ(ချက်)ကျက်က ကြိုက်သူကို ထည့်ပေးတယ်။ မကြိုက်ရင် မထည့်ပေးဘူး။”လို့ စနဲသုပ်ရောင်းတဲ့ မထက်ထက်စုကပြော ပြပါတယ်။

မထက်ထက်စုဆိုရင် အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ဒီအသုပ်ဆိုင်ကို ဦးစီးပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူမရဲ့အသုပ်ဆိုင်ဟာ ကျောက်ဖြူမြို့လယ် နာရီစင်အောက်မှာ တည်ရှိတာဖြစ်ပြီး နေ့လယ်ပိုင်းကနေ ည ၉ နာရီလောက်အထိ ရောင်းချလေ့ရှိပါတယ်။ တကယ်တော့ ဒီဆိုင်ဟာ သူတို့မိသားစု စနဲမြို့က ကျောက်ဖြူမြို့ကို ပြောင်းလာချိန်မှာ မိခင်ဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် သူမ ကျွမ်းကျင်တဲ့ စနဲသုပ်ဆိုင်လေးကို ဖွင့်ပြီးရောင်းချရာမှာ လူအများကို အကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း မိခင်ဖြစ်သူ အသက်အရွယ်ရလာချိန်မှာတော့ ဆိုင်ကို ဦးဆောင်လုပ်ရမှာက သမီးဖြစ်သူတွေရဲ့ တာဝန်ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် မထွေထွေးစုရဲ့ အစ်မဖြစ်သူက တာဝန် တလှည့် ယူခဲ့ပြီး အစိုးရ အလုပ်ရသွားချိန်မှာတော့ အစ်မဖြစ်သူက ရုံးအားချိန်တွေ မှာပဲ ဝင်ကူပြီး မထွေးထွေးစုကပဲ အဓိက လုပ်ကိုင်လာခဲ့ရတာပါ။

“မုန့်ဟင်းငါးရည်သောက်မလား။ မုန့်တီရည်သောက်မလား။ ဟင်းရည်ပေးတယ်။ စနဲသုပ်မှာ မုန့်တီလိုမျိုး ဟင်းရည်နဲ့တော့ မစားကြဘူး။ ကိုယ်က ထက်ဝက်စားလိုက်ပြီ ဟင်းရည်ထည့်စားချင်တယ်ဆိုရင်လည်း အဆင်ပြေတယ်။ ကိုယ့်ရဲ့အကြိုက်နဲ့ ဆိုင်တယ်။ ကိုယ်ကမကြို က်ဘူးဆိုရင်လည်း အဲလိုစားလို့ ရတယ်။”

ဒါပေမယ့် ဒီလုပ်ငန်းကို မထွေးထွေးစု တစ်ယောက်တည်း ဆိုရင်တော့ မနိုင်ပါဘူး။ သူ့နောက်က ဝိုင်းကူမယ့် သူတွေရှိလို့ အခုလို ဆိုင်မှာ အဆင်ပြေပြေ လုပ်နိုင်တာပါ။ ဆိုင်မထွက်ခင် မနက်ပိုင်းမှာ ဟင်းရည်တည်၊ မုန့်ဖတ်နယ်၊ ငရုပ်သီးထောင်းစသဖြင့် လုပ်ငန်းတွေကို မိခင် ဖြစ်သူတွေ၊ မောင်နှမတွေက ဝိုင်းလုပ်ကြတာဖြစ်ပါတယ်။ ဆိုင်ထွက်တဲ့ အချိန်မှာတော့ သူဟာ အဓိက သုပ်ပေးမယ့် အပိုင်းကို တာဝန်ယူပြီး အစ်ကို ဖြစ်သူကတော့ မုန့်ဖတ်ညှစ်တာတွေကို သူမ မနိုင်တဲ့အပိုင်းတွေကို တာဝန်ယူပေးပါတယ်။ အစ်မဖြစ်သူဆိုရင်လည်း ရုံးဆင်းတာနဲ့ ဆိုင်ကို တန်းလာပြီး အိုးဆေးခွက်ဆေးတာတွေ လိုအပ်တာတွေ လုပ်ကိုင်ပေးရပါတယ်။

“ငယ်ငယ်တုန်း ၇ တန်း၊ ၈ တန်းနှစ် လောက်ကနေ ရောင်းလာတာဖြစ်လို့ အခက်ခဲတော့ သိပ်မရှိဘူး။ အဲဒီတုန်းကနေ ကျောင်းတက်လိုက်၊ မုန့်ရောင်းလိုက်နဲ့ လုပ်ခဲ့တော့လေ။ မမရောင်းတုန်းကဆိုရင် မလေမဝေ (မအူမလည်) ပေါ့နော်။ သူက အလုပ်ရသွားတော့ ကိုယ်ကပဲ တာဝန် ကျတော့ ကျွမ်းကျင်လာတယ်။ အလုပ်အလုပ်က သင်လာတယ်။ ကျောင်းက ၉ တန်းက ထွက်လိုက်တယ်။ ရောင်းမယ့် သူလည်းမရှိ။ မေမေကလည်း အသက်ကြီးလာတော့ ကိုယ်ကပဲ တာဝန်ကျလာ တယ်။ အရင်က ပိုရောင်းရတယ်။ ခုက အရောင်းနည်းတယ်။ ရောင်းကောင်းတဲ့ နေ့ရှိသလို ရောင်းမကောင်းတဲ့ အခါလည်းရှိတယ်။ ဆိုင်တွေလည်း များလာတော့လေ။ လူဦးရေကလည်း အဲ လောက် မရှိဘူးဆိုတော့။ ပုံသေသတ်မှတ်လို့လည်း မရဘူး။”

သူမဟာ ကျောင်းတက်နေရင်းကနေ ထွက်လိုက်ရပြီး မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်းကနေ ထမ်းဆောင်ခဲ့တာပါ။ သူတို့ စရောင်းတုန်းက ကျောက်ဖြူမှာ ရောင်းသူတွေ မရှိသေးတာကြောင့် ရောင်းအားကောင်းခဲ့ပြီး နောက်ပိုင်းမှာတော့ တော်ရုံမုန့်တီဆိုင်တွေမှာပါ စနဲသုပ်ကို တွဲရောင်းချလာကြကြောင့် သိပ်မရောင်းရတော့ဘူးလို့ ပြောပါတယ်။

“မုန့်တီဖတ်နဲ့လည်းရတယ်။ ခေါက်ဆွဲဖတ်နဲ့လည်းရတယ်။ အဲဒါလည်း မုန့်တီအနစ်နဲ့ အတူတူပဲလေ။ အလုံးနဲ့ အပြားလေးပဲကွဲသွားတာ။ အဲလိုမျိုး ၂ မျိုး၊ ၃ မျိုးဖြစ်တာ။ အပြားကြီးလည်း တမျိုးရှိသေးတယ်။ နောက်ထပ်မုန့်လုံးလိုတမျိုးရှိသေးတယ်။ အဲဒီဟာနဲ့ သုပ်စားရင်လည်း အဆင်ပြေတယ်။”လို့ ရုံးလွတ်ချိန်တွေမှာ ကူရောင်းတဲ့ အစ်မဖြစ်သူက မဇင်မာလှိုင်က ပြောပါတယ်။

ဒီလိုနဲ့ အမိတလှည့်၊ သမီးဖြစ်သူတို့က တလှည့်စီ ကျောက်ဖြူမြို့ပေါ်ကို ပြောင်းရွှေ့လာကတည်းကနေ ရောင်းချလာတာ ၈ နှစ်ရှိနေပါ ပြီ။ ကျောက်ဖြူနဲ့ စနဲမှာနဲ့ မတူတာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ စနဲဒေသမှာဆိုရင် ဒီစနဲသုပ်ကို ဆိုင်ရှင်က လိုအပ်မယ့်ဟာတွေကို ပြင်ဆင်ပေးပြီး ဖောက်သည်တွေက ကိုယ့်ဟာကိုယ် သုပ်စားပါတယ်။ ဒါပေမယ့် ကျောက်ဖြူမြို့ပေါ်ကို ရောက်တာနဲ့ ကိုယ့်ဟာကိုယ် သုပ်စားတဲ့ဓလေ့ဟာ ပျောက်သွားပြီး ဆိုင်ရှင်က သုပ်ပေးရတာမျိုးဖြစ်သွားပါတယ်။

“အဓိက စနဲကပဲ လာတာ။ အရင်ကဆိုရင် စနဲမှာ အာပူသုပ်လို့ မရှိဘူး။ ငရုပ်သီးချက်ထားတဲ့ဟာ မရှိဘူး။ ဒီလိုမျိုး ငပိအစိမ်းသုတ်တဲ့ ဟာပဲရှိတယ်။ ဒီဖက်မှာကျတော့ ငပိအစိမ်းလို့ခေါ်တယ်။ နောက်ပိုင်းတော့ စနဲသုပ်လို့ပဲ ဖြစ်သွားတယ်။ အရင်ကကျတော့ ကိုယ့်ဟာ ကိုယ်ညှစ်ပြီး သုပ်စားရတာ။ အရင်က အမတို့လည်း စားဖူးခဲ့တာပဲ။ ငပိခွက်လေးကို မှောက်ထားပြီးတော့ ကိုယ့်ဟာကိုယ် မှောက်စား ဖျင်စားရတယ်။ ကိုယ့်မသုပ်ချင်ရင်တော့ ဆိုင်သည်ကို သုပ်ခိုင်းလို့ရတယ်။ ဒီမှာကျတော့မကိုင်ဘူး။ ဆိုင်သည်ကပဲ သုပ်ပေးတယ်။ အဲ ဒီဖက်မှာက ကိုယ့်ဟာကိုယ် သုပ်စားချင်လည်းရတယ်။ လေးလေးပစ်ပစ်စားချင်ရင် ဟင်းချို့မှုန့်အများကြိုက်တဲ့သူရှိတယ်။ ချဉ်စားတဲ့ သူလည်းရှိတယ်။ ကိုယ့် မသုပ်ချင်တဲ့လူကျလည်း ဧည့်သည်တွေဆို သုပ်ပေးရတယ်ပေါ့။ ကျောက်ဖြူမှာကျတော့ ကိုယ့်ဟာ မသုပ်ဘူး။ ဆိုင်ကပဲ အကုန်လုံးသုပ်ပေးတယ်။”လို့ မဇင်မာလှိုင်က ရှင်းပြပါတယ်။

ဒါ့အပြင် သူတို့ဖက်မှာက ရခိုင်ပြည်နယ်အတွင်းမှာဆိုပေမယ့် တခြားမြို့နယ်တွေမှာလို ဒီနေ့ရောင်းမယ့် မုန့်ဖတ်ကို ညကတည်းကနေ လုပ်ထားတာ၊ ညရောင်းမယ့် မုန့်ဖတ်ကို မနက်ကတည်းက မှာထားတာမျိုး မဟုတ်ပါဘူး။ ခုညှစ်ပြီး ခုရောင်းတဲ့ လက်ညှစ်မုန့်တီကိုသာ အရည်စီစီနဲ့ စားသုံးကြတာဖြစ်ပါတယ်။ နောက်ပြီးတော့ မုန့်ဖတ်လုပ်မယ့် မုန့်နှစ်ကိုလည်း တဆင့်ခံရောင်းချသူတွေကရှိလာနေပြီဖြစ် တာကြောင့် ကိုယ်ဟာကိုယ် မလုပ်ရတော့လို့ အလုပ်တစ်ခုလျော့တယ်လို့ ဆိုင်သည်တွေက ဆိုပါတယ်။ စနဲသုပ်ကိုလည်း ဒီလိုအရည် စီစီနဲ့ စားရတာပိုကောင်းတယ်လို့ ဆိုကြပါတယ်။

“မုန့်တီနဲ့ မုန့်ဟင်းငါး နှစ်မျိုးပဲရောင်းတယ်။ အရင်ကတော့ ခေါက်ဆွဲလည်း ရောင်းခဲ့တယ်။ အခုတော့ မုန့်တီပဲ အဓိက။ ဒီကျောက်ဖြူမှာ တော့ တခြားမြို့တွေနဲ့လည်း မတူဘူး။ စစ်တွေတို့၊ တောင်ကုတ်တို့မှာက မုန့်ဖတ်အခြောက်လေ။ ဒီမှာက အစိုညှစ်တယ်။ ခုညှစ်၊ ခုစား။ ရွာဖက်မှာကျတော့ မုန့်ကိုအပုတ်ခံတယ်။ ၄၊ ၅၊ ၆ ရက်ပေါ့လေ။ ဒီမှာက တစ်ညပဲထားတော့ မုန့်ဖတ်ကမပုပ်ဘူး။ အနစ်သတ်သတ်လုပ် တဲ့သူလည်းရှိတယ်။ အနစ်ခဲယူပြီးတော့ ဆိုင်တွေကနေ တစ်ဆင့်ရောင်းတာ။ တစ်ခဲကို ထောင့်သုံးရာ၊ ထောင့်လေးရာပေးရတယ်။ တစ် ပိဿခဲ။ ဒီမှာက အစိုပဲ စားကြတယ်။ အရင်ကတော့ အခဲကိုလည်း ကိုယ့်ဟာလုပ်ရတယ်။ ခုက သတ်သတ်လုပ်တဲ့သူတွေ ရှိလာတယ်။ နည်းနည်းနှယ်ပြီးတော့ ညှစ်လိုက်ရင်ပြီးရော။”

သူတို့မိသားစုဟာ မြစ်နားဖက်မှာနေပြီး မြို့လယ်ကို လာရောင်းကြတာပါ။ သူတို့ရောင်းချတဲ့နေရာဟာ ပွဲပိုင်မြေဖြစ်နေလို့ နေရာပုံသေရ ထားတာမျိုးလည်း မဟုတ်ပါဘူး။ စျေးခကို ပုံမှန်ပေးရပြီး ပွဲတွေကျင်းပတဲ့အခါဆိုရင် အဲဒီနေရာက ဖယ်ပေးရသလို လက်ရှိရောင်းချနေချိ န်မှာလည်း တနေ့ရောင်းပြီးရင် တနေ့ဆိုင်ကို ဖျိုဖျက်ခဲ့ရပါတယ်။ ဒါကလည်း သူတို့အတွက် အလုပ်ပိုတစ်ခုလိုဖြစ်နေပါတယ်။

“မနက်မိုးလင်း အိပ်ရာကထတည်းကလုပ်ရတယ်။ ဟင်းရည်တွေဆောက်ရတယ်။ ငရုပ်သီး၊ ငရုပ်ကောင်းမှုန့်ထောင်း။ ၉ နာရီ၊ ၁၀ နာရီ လောက်မှပြီးတယ်လေ။ ပြီးတာနဲ့ တစ်နာရီလောက်ပဲ နားတယ်။ မုန့်တီဆိုလည်း အိမ်ကနေ နှယ်လာတယ်။ ဟင်းရည်ဆိုလည်း အိမ်မှာ နှစ်အိုးလောက် ချက်တော့ အချိန်လည်းပေးရတယ်။ ငရုတ်သီးကြိတ်တော့ ငရုပ်သီးချက်တာ မုန့်ဟင်းငါးချက်တာတွေက ကြာတယ်လေ။ ၁၀ နာရီလောက်မှ ပြီးတယ်ဆိုတော့ နည်းနည်းလောက်ပဲ နားချိန်သိပ်မရှိဘူး။ ပင်တော့ သိပ်ပင်ပန်းတယ်။ ကိုယ့်မှာက နေရာလည်း မရှိတဲ့အခါ သိပ်ပြီးတော့ ပင်ပန်းရတယ်။ ဆိုင်ကိုလည်းရောင်းတော့မယ်ဆိုရင် တစ်ခါစီလာဆောက်ရတယ်။ နေရာလည်းယူရတော့ ပင် ပန်းတယ်။”

ဒါပေမယ့် သူတို့ကတော့ တခြားနေရာတစ်ခုကို ပြောင်းရွှေ့ရောင်းချဖို့ ဆန္ဒမရှိကြပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာဟာ လူသိများနေပြီ ဖြစ်တာကြောင့်ပါပဲ။

“အမတို့လည်း နယ်ဖက်ကပဲ။ စနဲဖက်က။ ဒီဖက်ကိုပြောင်းလာပြီးတော့ လုပ်စားနေတာ။ ဒါကအလယ်ပိုင်းရပ်ကွက်။ အမတို့က မြစ်နား ပိုင်းကနေလာရောင်းတာ။ ဒီဆိုင်ကိုက ရောင်းတော့မယ်ဆိုရင် ဆောက်ရတယ်။ ရောင်းပြီးရင် ပြန်ဖြိုပြီး အကုန်လုံးကိုသိမ်းရတယ်။ ဒီနေ ရာမှာ ဆိုင်ခန်းတွေထားလို့ မရဘူးလေ။ ပွဲမြေဖြစ်နေလို့လေ။ ဒီနေရာက ပွိုင့်လည်းကျတဲ့အခါ တခြားနေရာထက် အဆင်လည်းပြေတော့ မပြောင်းဖြစ်ဘူးလေ။ လူလည်းသိနေပြီ။ ဧည့်သည်တွေ၊ သွားလာသူတွေဆိုလည်း မြင်ကြတယ်လေ။ ကွင်းပြင်ဆိုတော့။ အပင်ပန်းခံပြီး တော့ပဲ ရောင်းနေလိုက်တော့တယ်။ ဒီနေရာက ပွဲမြေဖြစ်တဲ့အတွက် ဟိုလိုမျိုး ပြင်လို့မရဘူးလေ။ ဒီနေရာမှာ ရောင်းခွင့်ရတာကိုတောင် ကျေးဇူးတင်ရမယ်။ အရင်တုန်းကဆိုရောင်းခွင့်တောင် မရှိဘူးလေ။”

တခါတလေမှာဆိုရင်လည်း ဆိုင်မှာစားသုံးသူတွေများတာနဲ့ ကိုယ့်ဖက်က ရောင်းသူအင်အားနည်းတာနဲ့ မလိုက်မှီရင်လည်း ဒီလိုပဲ ပင်ပန်းမှုကို အံတုပြီး မှီအောင်လိုက်လံရောင်းချရပါသေးတယ်။

“လိုက်မမှီရင်လည်း မှီအောင်တော့ လုပ်ရတယ်။ ကျွမ်းလည်း ကျွမ်းကျင်တယ်ဆိုတော့လေ။ ပင်ပန်းခံပြီးတော့လေ။ ငွေရေးကြေးရေး အဆင်မပြေတာနဲ့ အဓိက ကိုယ့်ဟာကိုယ် အားမရဘူးလေနော်။ စီးပွားရေးလည်း လုပ်ချင်တယ်။ ဒါပေမဲ့ အရင်းအနှီးမ ရှိတော့ မလုပ် နိုင်ဘူးလေ။ ရန်ကုန်မြို့တွေလည်း သွားချင်တယ်။ ဒါပေမဲ့ နောက်ပိုင်းကို မျှော်ကိုးကြည့်တော့ မိသားစုတွေနဲ့ အဆင်မပြေ ဖြစ်လာမယ် လေ။”လို့ မဇင်မာလှိုင်က စိုးရိမ်ပူပန်စွာနဲ့ ပြောပါတယ်။

စာဖတ်ပရိသတ်များသို့ ဝန်ခံချက်။ ။ အာရ်ကန်ရိုးမ သတင်းထောက်သည် စနဲသုပ် အကြောင်း သိရှိနိုင်ရန် မတ်လ နောက်ဆုံးသီတင်းပတ်က ကျောက်ဖြူမြို့နယ်ခွဲ စနဲသို့ ကိုယ်တိုင် သတင်းသွားရောက် ရယူခဲ့ပါသော်လည်း ကံအကြောင်း မကောင်းလှစွာဖြင့် ရိုက်ကူးခဲ့သော ဓာတ်ပုံများမှာ ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် စနဲသုပ် အမည်တစ်ခုကို မွေးဖွားခဲ့သော ထိုဒေသက မူရင်း လက်ရာ စနဲသုပ်ကို ဓာတ်ပုံဝေဆာစွာဖြင့် ဖော်ပြနိုင်ရန် ရည်ရွယ်မျှော်လင့်ခဲ့ပါသော်လည်း ဖြစ်မလာခဲ့သည့်အပေါ် ညှိုးငယ်စွာဖြင့် တောင်းပန်အပ်ပါသည်။