ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က ထူးခြားတဲ့ တောင်တစ်တောင်ကိုပြပါလို့ ဆိုလာရင် တောင်ညိုတောင်ကို ပြရပါလိမ့်မယ်။ ၂၂၄ ပေမြင့်ပြီး တစ်မိုင်ကျော် ကျော်လောက် ရှည်လျားတဲ့ အဲဒီတောင်ကို ဘယ်ဖက်ကပဲဖြစ်ဖြစ်ကြည့်လိုက်ရင် ကြည့်လိုက်တဲ့ဖက်က အလျားလိုက်ပုံသဏ္ဍာန်အနေအ ထားတွေ့ရမှာဖြစ်ပါတယ်။

ပေါက်တောမြို့ရဲ့ အနောက်ဘက် ၄ မိုင်ခန့်ကွာဝေး နေရာမှာနေရှိတဲ့ တောင်ညိုတောင်ဟာ အရင်ကတော့ ကျောက်နံရံအဆင့်သာ ရှိတာဖြစ်ပေမယ့် ရခိုင်ဘုရင်မင်းဗာလက်ထက်မှာတော့ ကျောက်နံရံကို ဖောက်ထွင်းပြီး ဂူပေါက်ပြုလုပ်ကာ ဂူတွင်းမှာ ဗုဒ္ဓဆင်းတုတော် တွေတည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။

“ဒီတောင်က နွားလားဥဿပတောင်ဆိုတော့ ဘယ်ဖက်ကကြည့်ကြည့် မြင့်မိုရ်တောင်ကို ဒီတောင်က ဦးမချဘူးတဲ့။ ငါလည်းတောင်ညို၊ မင်းလည်းမြင့်မိုရ်။ ဘာလို့လည်းဆိုတော့ မြစ်တို့မည်သည်မှာ တောင်နဲ့ မြောက်ကိုဆုံတယ်။ တောင်တို့မည်သည်မှာလည်း တောင်နဲ့ မြေ ာက်ကိုဆုံတယ်။ ဒီတောင်ကကျတော့ ဟိုဖက်ကကြည့်ရင်လည်း အလျားလိုက်။ ဒီဖက်ကကြည့်ရင်လည်း အလျားလိုက်။ နွားလားဥဿပ တောင်လို့လည်းခေါ်တယ်။ ဖီလာတောင်လို့လည်းခေါ်တယ်။”လို့ တောင်ညိုဘုရားကျောင်းတိုက်၊ လက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တသိရိတဇက ပြောပါတယ်။

တချို့သမိုင်းမှတ်တမ်းတွေအရ မင်းဗာဘုရင်ဟာ ဘင်္ဂါ ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ စစ်တိုက်ဖို့သွားတဲ့အခါ စခန်းချခဲ့ တဲ့ ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမှာ ကနဦးဂူထွင်းပြီး ဘုရားတည်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ရခိုင်ပြည်အတွင်း ဆက်လ က် ထွင်းဖောက်လိုတဲ့ ဆန္ဒရှိတာကြောင့် ကျောက်နံရံရှိတဲ့ အရပ်ဒေသတွေကို လိုက်လံရှာဖွေရာ မင်းသားဘဝမှာ တာဝန်ထမ်းဆောင်ခဲ့ ဖူးတဲ့ တောင်ရင်းကျွန်းက တောင်ညိုတောင်ကျောက်ထရံကိုတွေ့ရှိခဲ့တာကြောင့် ကျောက်ထွင်းအရာမှာ ထူးချွန်ထက်မြတ်တဲ့ လက်သ မားတွေကို ခေါ်ယူကာ ဂူထွင်းပြီး ဘုရားတည်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ မြေပြင်နဲ့ ပေ ၄၀ မြင့်တဲ့နေရာမှာ ဂူပေါက် ၄၂ ပေါက်နဲ့ ဆင်းတုတော်ကြီးငယ် ၅၈ ဆူရှိပါတယ်။ အဲဒီထဲက အ ရှေ့ဘက်အကျဆုံးနဲ့ အမြင့်ဆုံး ဂူပေါက် ၂ ပေါက်ကိုသာ မင်းဗာဘုရင်ရဲ့ လမ်းညွှန်ချက်နဲ့ တည်ထားခဲ့တာဖြစ်ပြီး ကျန်တဲ့ဂူပေါက်တွေနဲ့ ဆင်းတုတော်တွေကို စိတ္တလင်္ကာ လက်သမားငါးရာတို့ တည်ခဲ့တာလို့ ဆိုသလို နောက်ပိုင်း အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ် ကာလမှာလည်း ထပ်မံမွမ်းမံ ဖောက်ထွင်းခဲ့ကြတာလို့ သိရပါတယ်။

“စိတ္တလင်္ကာလက်သမား ၅၀၀ ရခိုင်ရာဇဝင်။ ရှေးဟောင်း ကျောက်ခေတ်လက်ရာ မပြိုပျက်အောင်၊ နောက်အနာဂတ်လူငယ်လူရွယ်တွေ တောင်ရင်းကျွန်းမှာ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ ဘာသာရေးကွဲရင် အကုန်လုံးကွဲပြီ။ ဒါကြောင့်ရှေးခေတ်ကလူတွေ က အမြော်အမြင်ရှိလို့ တောင်ညိုဘုရားကို တောင်ရင်းကျွန်းတခိုကောင်းမှုကုသိုလ် သူစီငါစီ တတ်နိုင်အားလျော်စွာ လုပ်ကြပါစေဆိုပြီး တော့ မှည့်ထားတာတစ်ခု။”

အေဒီ ၁၅၃၁ ကနေ ၁၅၅၃ ထိ ၂၂ နှစ်ကြာ နန်းစံခဲ့ပြီး ရခိုင်သမိုင်းမှာ ထင်ပေါ်ကျော်ဇောခဲ့တဲ့ မင်းဗာဘုရင်ဟာ တောင်ညို အပါအဝင် တောင်ရင်းကျွန်းတခွင်က ကြိမ်ခွေမော်ကျေးရွာနဲ့ နတ်တောင်ပြင်ကျေးရွာတို့မှာလည်း ဂူထွင်းကာ ဆင်းတုတော်တွေ တည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတိုင်းအတာမှာ ဆိုရင်တော့ မင်းဗာဘုရင်လက်ထက်မှာ တည်ခဲ့တဲ့ ဂူပေါင်းများစွာရှိပြီး တောင်ရင်းကျွန်းတခွင်မှာဆိုရင် ဒီ တောင်ညိုဂူဟာ အကြီးဆုံးလည်းဖြစ်ပါတယ်။

မြေပြင်ကနေ ဂူကို လှေကား ၅၂ ထစ်တက်ရပါတယ်။ ဂူဝရဲ့အတွင်းအပြင် မျက်နှာပြင်တွေ မှာတော့ ရှေးခေတ်က အဝတ်တန်ဆာတို့ ဝတ်ဆင်ထားတဲ့ လူရုပ်ပုံတွေကိုသော်လည်းကောင်း၊ ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွတွေနဲ့ နဂါးရုပ်၊ ဒေါ င်းရုပ်၊ ခြင်္သေ့ရုပ်တွေနဲ့ ထုတ်တန်းပုံ၊ ပန်းကွက်ပုံ တွေကိုလည်းကောင်းတွေ့ရပါတယ်။ ထူးခြားတဲ့အချက်တစ်ခုကတော့ ဂူနံရံအတွင်း ထု ဆစ်ထားတဲ့ ပလ္လင်ခုံတန်းတွေမှာ ကျောက်ဆင်းတုတော်တွေကို ပေါ်တင်းတာ မဟုတ်ဘဲ တစ်ဆက်တည်းဖြစ်နေတာပါ။

“ကျောက်နံရံကို ရှေးခေတ်ကလူတွေက အမြော်အမြင်ပညာကြီးတယ်။ ရခိုင်ပြည်မှာက ကျောက်ခေတ်လက်ရာထွန်းကားတဲ့ ခေတ်ဖြစ် တော့ အမြော်အမြင်ပညာရှင်တွေကကြားတယ်။ ကြားတော့ လာပြီး အဲဒီကျောက်ကို ဖောက်တယ်။ ဖောက်ပြီးတော့ ပလ္လင်လုပ်တယ်။ ပြီးတော့ အပေါ်က တဇာပလာ နက္ခတ်ရော၊ ပဒ်ရောလုပ်တယ်။ ပြီးတော့ ဘုရားကိုပါ တခါတည်း အဲဒီကျောက်နဲ့ ထုဆစ်လိုက်တယ်။ ကျောက်ရော၊ ပလ္လင်ရော၊ ပြဿဒ်တွေရာ အကုန်လုံးအဲဒီထဲက ထုတ်ထားတာ။”

ကျောက်နံရံကို ဂူမထွင်းမှီအချိန်တည်းက တောင်အောက်မှာ တောင်ညိုရွာဟာ ရှိနှင့်နေခဲ့ပြီး တောင်ပေါ်မှာလည်း မင်းဗာဘုရင်မင်းမြတ် မတိုင်မှီ ဗဘုရင်မင်းစောမွန်က စေတီတချို့ကို တည်ထားကိုးကွယ်ခဲ့ပြီးသားလို့ ဆိုကြပါတယ်။ တောင်ညိုတောင်ရဲ့အရှေ့မြောက်ဖက်ရှိ ပါးကျိတ်တော်စေတီတော်မြတ်မှာ သမိုင်းဝင်ဖြစ်ပြီး ဗုဒ္ဓဘုရားရှင် ဓညဝတီကို ကြွရောက်တော်မူစဉ် မဟာမုနိအပါအဝင်ဓာတ်တော်စေတီ ၂၄၈ ဆူအနက်ဗျာဒိတ်ဝင်စေတီတစ်ဆူလည်းဖြစ်ပါတယ်။ ဒါ့အပြင် တောင်ညိုတောင်မှာစေတီစုစုပေါင်း ၉ ဆူကိန်းဝပ်လျက်ရှိခဲ့ကြောင်း လည်း သိရပါတယ်။

နောက်ပြီး တောင်ညိုတောင်တန်းတလျှောက်မှာ ဆေးပင်ဝါးပင်တွေလည်း ပေါက်ရောက်လျှက်ရှိကြောင်း ပြောစမှတ်ပြုကြပါတယ်။

“နံစိမ်းနံခေါ်လို့တမျိုး၊ ရွက်နုလို့တမျိုး၊ နံစိမ်းပင်တွေတော့ မြင်တယ်။ ရွက်နုပင်တော့ မမြင်ဘူး။ မြေပုံက လူတစ်ယောက်ရောက်လာတ ယ်။ ဆေးလာရှာတာပေါ့။ ညာဏစက္ကကျောင်းမှာတည်းတယ်။ ဆရာတော် ဆေးပင်လာကြည့်တာတဲ့။ သူ့မှာပါလာတဲ့ ကျမ်းမှာဘယ်လို ပါလဲဆိုရင် သဝင်ချောင်းချောင်းကို ချောင်းဇုံချောင်းလို့ပါတယ်။ သဝင်ချောင်းရွာဘေးက ချောင်းဇုံချောင်းရှိ၏တဲ့။ ချောင်းဇုံချောင်းမြောက် ဖက်က တောင်ညိုတောင်ရှိ၏။ တောင်ညိုတောင်အောက်က ရေတွင်းတတွင်းရှိ၏။ ရေတွင်းအထက်က ကျောက်မီးတွင်းရှိ၏။ ကျောက် မီးတွင်းနားက ရွက်နီပင်ရှိ၏ဆိုပြီးတော့ပါတယ်။ ဆရာတော်က ဟိုဖက်ချေပင်နားမှာ တွင်းရှိတယ်။ အခုတော့ မရှိတော့ဘူး။ ခြင်္သေ့လ ည်း မရှိတော့ဘူး။ တကာကြီးတယောက်သွားပြလိုက်လို့ ပြဖို့ခိုင်းလိုက်တော့ ဘာမှမရှိတော့ဘူးတဲ့ ကျောင်းကိုပြန်ရောက်လာတယ်။ အဲဒါ ဘသူရှာခိုင်းတာလည်းမေးတော့ ဘုန်းကြီးရှာခိုင်းတာတဲ့။ ဦးဇင်းကပြောလိုက်တယ်။ သူ့ကိုလွှတ် လိုက်လို့ပြောလိုက်တယ်။ ဘာလို့လဲဆို တော့ အဲဒီအပင်ကိုရဖို့အတွက် နတ်ကိုနိုင်တဲ့ဆေးလိုတယ်။”

ရခိုင်ပြည်ကို မြန်မာဘုရင်ဘိုးတော်မောင်ဝိုင်းက ဝင်ရောက်သိမ်းပိုက်စဉ်မှာ ရခိုင်ပြည်အနှံ့အပြားက ရခိုင်သူ၊ ရခိုင်သားတို့ဟာ အိန္ဒိယ နယ်ထဲကို တိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း မြန်မာပြည်ကို ဗြိတိသျှက အနိုင်ရသွားချိန်မှာတော့ ခိုအောင်းနေတဲ့ ရခိုင်ပြည်သူတို့ဟာ ပြန်လည် ဝင်ရောက်လာကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ ရမ်းဗြဲသားတချို့ဟာလည်း တောင်ညိုရွာမှာပဲ အခြေချ နေထိုင်ခဲ့ကြတာကြောင့် ပေါက်တောမြို့နယ်က တောင်ညိုရွာသားတွေဟာ ရမ်းဗြဲသား စကားပြောဆိုကြတာလို့ မှတ်သားရပါတယ်။ နောက်ပြီး ဒီရွာတွေနဲ့ ပတ်သက်လို့ ရာဇဝင်လိုလို ပုံပြင်လိုလို ပြောစမှတ်ပြုကြတဲ့ ကိစ္စရပ်တွေလည်း ရှိနေပါတယ်။

“အဝကန်ရွာမှာ ဒုံချောင်ဆိုတာ တောင်ညိုချောင်း။ တောင်ညိုရွာကိုဝင်တဲ့ချောင်းလို့ ပြောတယ်။ အဲဒီလိုဆိုတော့ ခရီးသည်တွေရောက် တဲ့အခါ ခရီးသည်တွေက ဝန်တွေ၊ ဆန်တွေရောင်းတဲ့အခါ တစ်ယောက်က အကြွေးဝယ်ထားတယ်တဲ့။ ပိုက်ဆံမပေးဘူး။ ဆိုတော့သူက အတတ်ပညာတတ်တဲ့အတွက်နဲ့ ပြုစားပစ်ခဲ့တယ်။ ဒါကြောင့် တစ်ယောက်ပြီးတစ်ယောက်သေတယ်။ သေတယ်ဆိုတော့ အဲဒီရွာပျက် သွားတယ်။ ဟိုရွာပြောင်း၊ ဒီရွာပြောင်း ပြောင်းသွားကြတယ်။ ကျန်ခဲ့တဲ့လူတွေက ဟိုဖက်ချောင်းကမ်းနားက အောက်ရွာမှာနေတယ်။ အဲ ဒီရွာမှာလည်း လူမစည်ပြန်ဘူး။ အရင်က အခုတည်နေရာမှာ မဟုတ်ဘူး။ မသမာလူကြောင့် ပျက်စီးသွားတော့ ကရားငါးပါးဖြစ်သွားတာ။ ဒီရွာက လူစွမ်းကောင်းထွက်တယ်လို့လည်း ဥဇင်းကသိတယ်။ ဘာလို့လဲဆိုရင် ဒီရွာမှာက ကျွန်းရှင်မ၊ တောင်ညိုရှင်မရှိတယ်။တောင်ညို မှာ လူစွမ်းကောင်းထွက်တယ်လို့တော့ အထက်ထက်ကတည်းက လူကြီးသူမတွေပြောတာ ကြားဖူးတယ်။”

ဒီနောက်ပိုင်း တောင်ညိုဂူဟာ တချို့ပုဂ္ဂိုလ်တွေဟာ ထူထပ်လှတဲ့ တောတောင်တွေကို ခုတ်ထွင်ရှင်းလင်းကာ ဂူတွေကို ပြုပြင်မွမ်းမံခဲ့ကြ တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂူအတွင်းသို့ အလွယ်တကူ တက်ရောက် ဖူးမျှော်နိုင်အောင် လှေကားတွေလုပ် အနီးအနားက စေတီတွေကို ပြုပြင် မွမ်းမံပြီး စနစ်တကျပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနယ်တဝိုက်က ကျေးရွာဒေသခံတွေ စုပေါင်းကာ ဘုရားဝေယျာဝစ္စတွေ အတွက် ဂေါပကအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး လိုအပ်တာတွေကို ဆောင်ရွက်ကာ ပွဲလမ်းသဘင်တွေကိုလည်း စဉ်ဆက်မပြတ် ကျင်းပလာ နိုင်ခဲ့ပါတော့တ ယ်။

ဗုဒ္ဓဘုရားရှင်ကို မွေးဖွားစဉ်ကနေ ပရိနိဗ္ဗာန်ပြုချိန်ထိ ဗုဒ္ဓဝင်ခန်းတွေလည်း ရှိနေခဲ့ပြီး ဘုရားကျောင်းကန်တွေပျက်စီးသွားချိန်မှာတော့ အဲ ဒီဗုဒ္ဓဝင်ခန်းတွေကို သဝင်ချောင်းကျေးရွာမှာ ဘုန်းတော်ကြီးကျောင်းမှာ ပို့ထားရပြီး ပြန်လည်ယူဆောင်လာရင် ထားရမယ့်နေရာမရှိသေး လို့ အခက်ခဲဖြစ်နေတယ်လို့ ဆရာတော်က ပြောပြပါတယ်။

“ဒီတောင်ညိုဆိုတာ ကျောင်းကြီးကန်ကြီးနဲ့ သမိုင်းဝင်နေရာကိုး။ ဗုဒ္ဓဝင်အခန်းတွေရှိတယ်။ ဗုဒ္ဓဝင်ခန်းက ကျောင်းတွေကန်တွေပျက်စီး သွားတဲ့အခါ သဝင်ချောင်းကျောင်းမှာပဲ ရှိနေတယ်။ ဘုရားဖွားတဲ့အချိန်ကနေ ပရိနိဗ္ဗာန်ပြုအောင်ထိ သစ်သားနဲ့ ထုထားတာတွေရှိတယ်။ တောင်ညိုဟာ ဟိုဖက်က ကုန်တန်းမှာလို့ပြောတယ်။”

“ဗုဒ္ဓဝင်ခန်းဟာ သဝင်ချောင်းကျောင်းမှာ ရှိနေတယ်။ ဗုဒ္ဓဝင်ခန်းကို ယူမယ့်၊ ထားမယ့်နေရာလိုတယ်။ ဘာလို့ဆို အပရိဟာနေယျတရား ၇ မျိုးမှာ ရှေးဟောင်းဘုရားဗုဒ္ဓဝင်ခန်းဖြစ်ဖြစ်။ တစ်ခုခုဖြစ်ဖြစ် သူများနေရာကို ရောက်သွားရင် ကိုယ့်နေရာကိုပြန်လို့ယူရမယ်။ အဲလိုဆို ရင် ကိုယ်တို့အတွက်လည်း ကောင်းကျိုးရှိမယ်။ နောက်အနာဂတ်အတွက်လည်း ကောင်းကျိုးချမ်းသာဖြစ်သွားမယ်။ အခုအဲဒီဗုဒ္ဓဝင် ခန်းဟာ သဝင်ချောင်းကျောင်းမှာ ပျက်စီးလို့ ရှိနေတယ်။ သဝင်ချောင်းရွာကလူတွေကလည်း ဒီကျောင်းကဟာ ဆိုပြီးတော့ မလုပ်ဘူး။”

ဆရာတော်ကတော့ လက်ရှိမှာ ပရဝုဏ်အတွင်းကို ခြံစည်းရိုးကာလို့ မရှိတာကြောင့် ရေကန်တွေကို ကျွဲ၊ နွားတွေရေဝင်သောက်တာ၊ ဘု ရားကိုလာပြီး သောက်စား မူးယစ်တာတွေ စတဲ့ဟာတွေ တားမြစ်ဖို့အတွက် သာသနာမြေကို ပိုင်ဆိုင်ခွင့်ပြုလုပ်ဖို့ အရေးတကြီး လိုအပ်နေ တယ်လို့ ပြောပါတယ်။

“ဦးဇင်းကတော့ လိုအပ်တယ်လို့ ထည့်မပြောဘူး။ ဘာလို့လဲဆိုတော့ အလှူရှင်ကဏ္ဍမို့လို့ ဘာလှူချင်လဲပေါ့။ အခုစေတီ ၅ ဆူရှိသေး တယ်။ အဓိကအရေးကြီးတာက သာသနာမြေကို သာသနာပိုင်ဆိုင်ခွင့်။ သူများနဲ့လည်း အန္တရာယ်မဖြစ်အောင်၊ ရဟန်းသင်္ဃာတွေက လည်း အကုသိုလ်မဖြစ်အောင် လွတ်လွတ်လပ်လပ်ပေါ့။ အခုဆိုရင် ရေကန်တွေမှာလည်း နွားဝင်လို့ လာတဲ့သူတွေကလည်း အရက် သောက်လို့ ကလို့ခုန်လို့ဆိုရင် ဘုရားနဲ့မသင့်လျော်၊ သဟဇာတမကျဘူး။ ကိုယ့်ဖက်ကလည်း စည်းမလုံတော့ ဦးဇင်းကလည်းမပြော ဘူး။”