ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒါးလက်ချောင်း ရှမ်းကုန်းရွာလေးရဲ့ အိမ်တအိမ်ပေါ်မှာ ရောက်ရှိနေကြတဲ့ ဧည့်ပရိတ်သတ်တွေက စိတ်လှုပ်ရှားဖွယ်ရာ မြင်တွေ့နေရပါတယ်။ စုန်းတွေကို လာရောက်ဖို့ ရွာနဲ့ နတ်ဆရာကြီးက ဖိတ်ခေါ်နေပြီး ဆရာကြီးရဲ့ လက်ထောက် တယောက်ကတော့ မောင်းကို အချက်မှန်မှန်တီး၊ နောက်တယောက်က စားသောက်ဖွယ်ရာ ထည့်ထားတဲ့ စကောကို သစ်သားယောက်မနဲ့ တချက်ချင်းမှန်မှန်ခေါက်နေတဲ့ အသံတွေကလည်း လူတိုင်းရဲ့ စိတ်ကို လှုပ်ရှားစေပါတယ်။

သူတို့ ဘာတွေလုပ်နေကြတာလဲ၊ ဘာကြောင့် စုန်းတွေကို ဖိတ်ခေါ်နေကြတာလဲ၊ စုန်းတွေက ဘယ်လိုပုံစံမျိုးနဲ့ လာကြမှာလဲ၊ ၀င်ရောက်လေ့လာရင်းနဲ့ ပွဲကို ဦးဆောင်သူ နတ်ဆရာကြီး ဦးမောင်နှောင်းကို မေးမြန်းပြီး တင်ဆက် ပေးသွားမှာပါ။

အမ်းမြို့နယ် ဒါးလက်ချောင်းထဲမှာ နေထိုင်ကြတာကတော့ ချင်းလူမျိုး အများစုပါ။ တောင်ယာလုပ်ငန်း လယ်လုပ်ငန်း သစ်ခုတ် ၀ါးခုတ်လုပ်ငန်းတွေနဲ့ အဓိက အသက်မွေးကြပါတယ်။ ရိုးရိုးသားသား နေထိုင်ကြသလို ကိုးကွယ် ယုံကြည်မှု ကလည်း ရှေးယခင်က အတိုင်းပဲ တည်ရှိနေတုန်းပါ။ စောင့်ရှောက်နေတဲ့ နတ်တွေ စုန်းတွေရှိပြီး တောတောင်၊ ရပ်ရွာ စည်းကမ်းတွေကို အမှတ်တမဲ့ဖြစ်စေ ဖောက်ဖျက်မိရင် အစောင့်နတ်တွေ၊ စုန်းတွေက ဖမ်းစားတတ်ပြီး လူမှာကျန်းမာရေး ထိခိုက်တတ်တယ်၊ အလုပ်အကိုင် စီးပွားရေး ထိခိုက်တယ်လို့ ယုံကြည်ကြပါတယ်။ အခု ရှမ်းကုန်းရွာက နေအိမ်ထဲမှာ နေထိုင်သူတယောက် ကျန်းမာရေးမကောင်းလို့ ရိုးရာ ပဆန်းနည်းပညာနဲ့ ကုသပေးနေတာပါ။ ဆရာဦးမောင်နှောင်းက အခုလို ရှင်းပြပါတယ်။

“စုန်းတွေ၊ နတ်တွေ၊ ခုံးတွေဆိုတာ ….. နေတဲ့နေရာမှာ စုန်းရှိတယ်၊ နေတဲ့နေရာမှာ နတ်ရှိတယ်။ ဒီတောင်မှာနေရင် ဒီတောင်စောင့်နတ်ရှိတယ်။ ဒီအိမ်မှာနေရင် ဒီအိမ်စောင့်နတ်ရှိတယ်။ နောက်ဆုံး စားဖိုမှာ မီးဖိုစောင့်နတ် ရှိတယ်။ မီးကို တံတွေးနဲ့ အရမ်းကာရော မထွေးရ။ ထွေးလို့ရှိရင် ဖမ်းတယ်။ ဖမ်းလို့ရှိရင် ကြက်ကလေးနဲ့ မီးဖိုမှာ တဲကလေး ဆောက်ပြီး ပဆန်း ပူဇော်ရတယ်။ အဲ့လိုပူဇော်ရင် ဘာဆေးမှကုလို့မကောင်းတဲ့ အနာကို ပဆန်း ဟောတာနဲ့ ပျောက်သွားတယ်။ စုန်းဆိုတာ စုန်းအခြားပဲနေတယ်။ စည်းနဲ့ ကမ်းနဲ့ သစ္စာနဲ့၊ သမာဓိနဲ့ပဲနေတယ်။ သူတို့ရဲ့ သစ္စာ သမာဓိကို မသိလို့ နင်းမိတယ်။ ကျော်မိတယ်။ ဖောက်ပြန်မိတဲ့အခါ သူတို့ရဲ့ စည်းကျ ၀ါးကျနှုန်းနဲ့ ဖမ်းတယ်။  သူပေးချင်တဲ့ အဖျား အနာ၊ အပူ အဆာ၊ အကျိ အချွဲ၊ အညောင်း အညာ၊ ပေးထားတယ်။ ပေးထားတော့ ဟို လူနာကခံစားရတယ်။”

ဒီလို ကုသဖို့အတွက် စုန်းတွေ ကို ဖိတ်ခေါ်တဲ့အခါ ဘယ်လိုပုံစံနဲ့ ဘယ်နေရာက လာမယ်ဆိုတာတော့ မသိနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲ လာလာ၊ ဘယ်လိုနည်းလမ်းနဲ့ပဲ လာလာ ပူဇော်ပသပါမယ်ဆိုတဲ့အကြောင်း စားသောက်ဖွယ်ရာတွေနဲ့ ပဆန်း ဆရာက ဖိတ်ခေါ်ရပါတယ်။ လိုအပ်တဲ့ အသုံးအဆောင်တွေဖြစ်တဲ့ မောင်း၊ ဒါး၊ လှံ၊ ပလိုင်း၊ ဆန်ကော၊ ခေါင်ရည်ဗူး၊ စသည်ဖြင့် အစုံအလင်ပါအောင် ခင်းကျင်း ပြင်ဆင်ရပါတယ်။ ထမင်း၊ အသားတမျိုးမျိုး၊ ခေါင်ရည်၊ မုန့်ဆီကြော်၊ ပေါက်ပေါက် စသည်ဖြင့် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း စီမံချက်ပြုတ်ရတယ်လို့ ဆိုပါတယ်။

“လူယောင်ဆောင်လို့လာပါ။ ကြက်ယောင်ဆောင်လို့လာပါ။ ၀က်ယောင်ဆောင်လို့လာပါ။ ခွေးယောင် ဆောင်လို့လာပါ။ ဖမ်းတဲ့ ဆီးတဲ့နေရာမှာ လူနာက ကျွေးဖို့ မွေး ဖို့၊ သတ်ထုံး သတ်ပေးမယ်၊ သတ်လှည့် သတ် ပေးမယ်။ ပြီးရင် အူစုံ အသည်းစုံနဲ့၊ ဆီနဲ့ ရေနဲ့ အကြော်နဲ့ အလှော်နဲ့၊ အမွှေးနဲ့ အကြိုင်နဲ့၊ ကျွေးမယ် မွေးမယ် ပူဇော်မယ် ပသမယ်၊ ခမယ်၊ ယမယ်၊ ဥပမာအားဖြင့် ခုနစ်ရက်သား သမီး ဦးထွန်းအေးကို နဂိုအတိုင်းဖြစ်အောင် ချွတ်ပါ၊ လွှတ်ပါ။ ဆိုတဲ့ဟာကို တောင်းပန်ရတယ်။ ဒါကို အခြေခံရတာပေါ့။  အဓိကကတော့ လူနာနဲ့ စုန်းကို အခြေခံပြီး ဟောပေးရတယ်။ ဒီလို မဟုတ်ပဲ ကျရာပြောဆိုပြီးတော့ ထမင်းတွေ ၀က်သားတွေ စားကြဆိုတော့လဲ မဟုတ်ဘူး”

ဒီလို ဖိတ်ခေါ်ပြီးတဲ့အခါ ဆန်ကောထဲမှာ ထမင်း၊ ခေါင်ရည်၊ ၀က်သား အူစုံ အသည်းစုံ၊ မုန့်ဆီကြော်၊ စသည်ဖြင့် ပြင်ဆင်ပြီး လက်ထောက်ဆရာက အဲ့ဒီဆန်ကောကို သစ်သားယောင်းမနဲ့ ခေါက်ကာ စုန်းတွေကို စားသောက်ဖို့ ကျွေးမွေးရပါတယ်။ စားသောက်ပြီးရင် ဖမ်းထားတဲ့ လူနာကို ပြန်ကောင်းလာအောင် လွှတ်ပေးဖို့ တောင်းပန်ရပါတယ်။

“အဲ့ဒီအထဲမှာ အစားအစာတွေ ပြည့်စုံအောင် တည်ပြီးတော့မှ တုတ်ချောင်းနဲ့ ခေါက်လို့မရဘူး ထမင်းမွှေတဲ့ ယောက်မနဲ့ပဲ ခေါက်လို့ရတယ်။ ထမင်းမွှေတဲ့ ယောက်မမှာ အမိန့်အာဏာတော်တော်ရှိတယ်။ လိပ်ပြာတွေ အများကြီး ရှိတယ်။ သူက ခေါက်ပေးတယ်။ ဒီ စုန်းတွေ လာပြီး စားကြပါ။ ဟိုမမာတဲ့ လိပ်ပြာလဲလွတ်ပါဆိုတဲ့ အကြောင်းနဲ့ ယောက်မနဲ့ ဆန်ကောကို ခေါက်ပေးရတယ်။ ကြားအောင် လို့ … ။ စားပါလို့။  ဒီမှာ ဒီမှာ လာပါ စားပါလို့ နေရာ ပြတာပေါ့။”

တကယ်တော့ ဒီ စုန်းခေါက်ပွဲ အစီအစဉ်တွေ ဆောင်ရွက်ဖို့အတွက် ပဆန်းဆရာကြီး တယောက်တည်းနဲ့ မဖြစ်တဲ့အတွက် လက်ထောက် တပည့်တွေနဲ့ စုန်းအကြီးအကဲနေရာမှာ ဆောင်ရွက်ဖို့လူတွေကို ကြိုတင်ရွေးချယ်ထားရပါတယ်။ စုန်းခေါက် ပူဇော်မယ့် တဲငယ်လေးကို ရောက်ဖို့အတွက် ရွာလည်လမ်းကပတ်ပြီး လှည့်လည်ရတာပါ။ ပဆန်းဆရာကြီးက ရှေ့ဆုံးက ဒါးကို ထမ်းပြီး ဦးဆောင်ရသလို လက်ထောက်တပည့်တွေက အစဉ်အတိုင်း လိုက်ပါကြရပါတယ်။

“ပဆန်းဆရာက ဆန်ကောလဲ မကိုင်နိုင်ဘူးဆိုတော့ ဆန်ကောကိုင်ဖို့ တပည့်ကို ရွေးရတယ်။ နောက် မောင်းတီးမယ့် လူရွေးရတယ်။ ၀က်ထမ်းနိုင်မယ့်လူ အင်အားရှိမယ့်လူကို ရွေးရတယ်။ ရှေ့နောက် နှစ်ယောက် လိုပါတယ်။ ခေါင်ဘူး တွေ ခေါင်ရည်တွေထမ်းဖို့ ခြင်းကြားပို့ဖို့ လူ နှစ်ယောက်ရွေးရပါသေးတယ်။ ပြီးရင် ပေါက်ပေါက်နဲ့ မုန့်ဘူးကိုင်ဖို့လူကို ရွေးရသေးတယ်။ ကွမ်းအစ်နဲ့ လှံ ကိုင်ဖို့လူကိုလဲ ရွေးရသေးတယ်။ အဲ့ဒါ ပြီးရင် အမှား အမှန်ကို ကြည့်ရှုဖို့ စုန်းမင်းကြီးလို့ နှစ်ယောက်၊ မှားသွားလို့ရှိရင် အကြံဉာဏ်ပေးနိုင်ဖို့ အမာခံ နှစ်ယောက် ရွေးရပါတယ်။ အဲ့ဒီလောက်နဲ့ အဆင်ပြေပါတယ်။ အဲ့ဒီလောက်နဲ့ စုန်းခေါက်ပွဲကို လုပ်လို့ရပါတယ်။”

သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း လှည့်လည်ပြီး တဲငယ်လေးကို ရောက်တဲ့အခါမှာတော့ စုန်းတွေကို ကျွေးမွေးကြပါတော့မယ်။ ပါဝင်ဆောင်ရွက်ရမယ့် လက်ရွေးစင် တပည့်နောက်လိုက်တွေက အစီအစဉ်တကျ အမှားအယွင်း မရှိရအောင် ဂရုတစိုက် လုပ်ကိုင်ပေးရပါတယ်။

“နံပါတ် ၁ ကတော့ စုန်းပဲ။ စုန်းကို လက်ဆေးဖို့ ရေလဲလောင်းပေးရတယ်။ လက်မဆေးပဲနဲ့ ဘယ်သူမှ မစားဘူး။ လက်ဆေးပြီးမှ ပေါက်ပေါက်၊ ပြီးတော့ မုန့်။ ပြီးမှ ဆေးလိပ် ကွမ်းယာ၊ ပြီးမှ ထမင်းတွေ ဟင်းတွေ၊ ၀က်သားတွေ စုံအောင် တင်ပေးတယ်။”

ပဆန်းဆရာရဲ့ လုပ်ပုံကိုင်ပုံ အစီအစဉ်တွေ မှားယွင်းတာ မပြည့်စုံတာ ရှိ မရှိကို စုန်းမင်းကြီးနှစ်ယောက်က စောင့်ကြည့် ပေးရပါတယ်။ အဲ့ဒီ စုန်းမင်းကြီး နှစ်ယောက်ကို ပြည်တော်သမီးနဲ့ ပြည်တော်သူကြီးလို့ သတ်မှတ်ပေးထားရပြီး ပဆန်း ဆရာကြီးရဲ့ ဆောင်ရွက်မှုတွေကို စုန်းမင်းကြီးနှစ်ယောက်တို့က ပြည့်စုံတယ်၊ ကျေနပ်တယ်လို့ ဖြေဆိုတဲ့အခါမှ တင်မြှောက် ပူဇော်ပွဲ အောင်မြင်တယ်လို့ ဆိုပါတယ်။

“ပြည်တော်သမီးဆိုတာ မိန်းမ၊ စုန်းမ။ ပြည်တော်သူကြီးဆိုတာ စုန်းဖို။ စုန်းမကို အရင်မေးပါတယ်။ ကျွန်တော်တို့ လုပ်တာ ကိုင်တာတွေ၊ မှန်ပါသလား။ စုံပါသလား စေ့ပါသလား။ ဟုတ်ကော ဟုတ်ရဲ့လား။ ဟုတ်ပါတယ်လို့ ထောက်ခံတယ်။ ထောက်ခံပြီးမှ ယောကျာ်းကို မေးတယ်။ စုန်းမင်းကြီး ကျွန်တော်တို့ လုပ်တာကိုင်တာ၊ ပြောတာ ဆိုတာတွေ မှန်ရဲ့လား။ မှန်ပါတယ်။ ဟုတ်တယ် ဆိုမှ အဲ့ဒီခါမှ ကျွန်တော်တို့က  ပြန်လှည့်ခွင့်ရတယ်။ သူတို့ရဲ့ ခွင့်ပြုချက်နဲ့ပါ။”

ဦးမောင်နှောင်း အခုလို စီရင်ကျွေးမွေးနေတာကတော့ ရွာလယ်စုန်းလို့ ခေါ်တဲ့ စုန်းအမျိုးအစားပါ။ ဒါပေမယ့် နောက်ထပ်လဲ အဆင့်အငယ်စား တခြားစုန်း အမျိုးအစားတွေလဲ ရှိသေးတယ်၊ အမျိုးအစားကို လိုက်ပြီး ပြင်ဆင် ကျွေးမွေးရတဲ့ အစီအစဉ်တွေလဲ ကွဲပြားပါတယ်။

“စုန်းပေမယ့်လို့ စုန်းငယ်ကလေးတွေရှိသေးတယ်။ စုန်းငယ်ဆိုတာ အ၀မှာ ခြင်းကြားလေးထဲမှာ ဖက်ရွက်ကလေးနဲ့ အဲ့လိုကျွေးတာရှိသေးတယ်။ ခေါက်တာတွေတော့ ဒီပုံစံပဲ ခေါက်တာပဲပေါ့နော်။ ကျွေးတာကတော့ ကြက်ပဲ ကျွေးတယ်။ အဲ့ဒီစုန်းက ချောင်းလဲပိုင်သေးတယ်။ ချောင်းမှာလဲ ဆန်ကောနဲ့ ခွေးနဲ့ ကျွေးရပါတယ်။ အဲ့လို သုံးမျိုးရှိပါတယ်။”

ဒီလောက်နဲ့လဲ မပြီးသေးပါဘူး။ အဓိက ပူဇော်ရမယ့် စုန်းတွေကို စားသောက်ဖွယ်ရာ အစုံနဲ့ ပူဇော်ရသလို နောက်လိုက် နောက်ပါ စုန်းတွေအတွက်လဲ ပြင်ဆင်ကျွေးမွေးရသေးတာပါ။

“အဲ့ဒီစုန်းတွေကို ပူဇော်ပြီးတဲ့အချိန်မှာ …… စုန်းကလဲ စုန်းတမျိုးလဲ မဟုတ်၊ စုန်းအရူးတွေ၊ အနှမ်းတွေ၊ အကျိုးတွေ၊ အပဲ့တွေ၊ အဲ့ဒါတွေကိုလည်း အောက်ကနေ ဖက်ရွက်လေး နှစ်ရွက်ခံပြီးတော့ စုန်းအရူးတွေ၊ စုန်း အနှမ်းတွေ၊ စုန်းအမိုက်တွေ၊ စုန်း အ, အ တွေကိုလည်း ကျေနပ်ပါစေကြောင်း ကျွန်တော်တို့ ကျွေးမွေးရပါတယ်။”

စုန်းတွေကို တည်ခင်းကျွေးမွေးရတဲ့ ထုံးစံအတိုင်းပဲ ပဆန်းဆရာကြီးနဲ့ အဖွဲ့ဝင်တွေကလည်း စားသောက်ကြရပါတယ်။

“သူတို့ရဲ့ စားထုံးတွေကို ကျွန်တော်တို့က စားပေးရတယ်နဲနဲစီ။ အစု အစုလိုက်လေးပေါ့။ စုန်းက စားထုံး စုန်းက စားလှည့်၊ စုန်းကသောက်ထုံး စုန်းက သောက်လှည့်၊ စုန်းက ခေါင်ရည်သောက်တာကို  သောက်ထုံး သောက်ပေးရတယ်။ စားထုံး စားပေးရတယ်။”

အစီအစဉ်တွေ တဆင့်ပြီးတဆင့် ဆောင်ရွက်ပြီးတဲ့အချိန်မှာ လာရောက်တဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံရတဲ့အလှည့် ရောက်ပါပြီ။ အဲ့ဒီလို ကျွေးမွေးပြီးတဲ့အချိန်မှာတော့ စုန်း ခေါက်ပွဲလဲ အဆုံးသတ်ပါပြီ။ စုန်း အပြင် ရိုးရာအစွဲအလန်း တမျိုးဖြစ်တဲ့ ခုံး၊ နောက်ပြီး တောနတ်၊ တောင်နတ်၊ ချောင်းနတ်၊ စသည်ဖြင့် အမျိုးမျိုး ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အခုလို နာမကျန်းဖြစ်တဲ့အခါမျိုးမှာ ပဆန်းဆရာက တွက်ချက်ပေးရပြီး  စုန်းကြောင့်မဟုတ်ပဲ တခြား နတ် ဖမ်းစားတာကြောင့် ဖြစ်ရတာဆိုရင် ပူဇော်ကုသတဲ့ဓလေ့ထုံးစံတွေကလည်း ကွဲပြားတာလဲရှိပါတယ်။

“စုန်းမဟုတ်ပဲနဲ့ မမာလို့ရှိရင် ခုံး သွင်းလို့ ရတယ်။ ၀က်နဲ့ပဲ သွင်းပါတယ်။ ခေါင်တည်ပြီးတော့မှ ဖက်ရွက်လေးတွေ တည်ပြီးတော့ ပဆန်းဖော်ပြီး ချည်မျှင်ပတ်ပြီးတော့ ခုံးကုတယ်လို့ ရှိသေးတယ်။ အဲ့ဒီလို ခုံးပြီးရင် ခုံး မဟုတ်ပဲ တောက နတ်စိမ်းဖမ်းတယ်လို့လဲ ရှိသေးတယ်။ နတ်စိမ်းမှာတော့ တဲကလေးဆောက်ပြီး အဲ့ဒီတဲကလေးမှာ …. အငယ်ကျတော့ ၀က်နဲ့၊ အကြီးကျတော့ ဆိတ်နဲ့ပေါ့ …. အမျိုးအမျိုးရှိတယ်။ အခုလိုပဲ တဲထဲမှာဖက်ကလေးခင်း၊ ခွက်ကလေးနဲ့ ရေတည်ပြီး  ပဆန်းဆရာက ပူဇော်ရတာတွေရှိတယ်။ ပူဇော်ပြီးတော့မှ အဲ့ဒီထဲမှာပဲ အသားတွေကို ပုံပြီးတော့ ပြန်ပြီး ရုတ်သိမ်းတဲ့စကားနဲ့ ပုံတဲ့စကားနဲ့ အညီ ရုတ်သိမ်းပြီးတော့ အဆင်ပြေအောင် လုပ်ရတဲ့ အစဉ်အလာတွေရှိတယ်။”

အခုလို နာမကျန်းလို့ ကုသပေးရတာမျိုးရှိသလို မင်္ဂလာပွဲတွေမှာလဲ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နတ်တွေကို ပူဇော်ရတာမျိုးလဲ ရှိပါသေးတယ်။ မင်္ဂလာဆောင်ပွဲတွေမှာ လုပ်ဆောင်ရမယ့် ထုံးစံ၊ စားသောက်ရမယ့် ထုံးစံတွေကို လိုက်နာရပါတယ်။

“မင်္ဂလာပွဲပေါ့။ သမီးလင်နောက် ပါသွားလို့ မိဘကို ကျေးဇူးဆပ်လာမယ့် မင်္ဂလာပွဲ၊ ခေါင်တွေနဲ့ တည်လာတယ်။ ၀က်တွေ ဖုတ်လာတယ်။ အဲ့ဒါတွေကျတော့ အဲ့ဒီလောက် ပူစရာမလိုတော့ဘူး။ ၀က်သားကို အစုလေးတပုံ နှစ်ပုံ ပုံပြီးတော့ အားလုံးက စားမယ်။ စားပေမယ့် သမီးတို့ အစဉ်အလာက အဲ့ဒီဝက်သားကို မစားရဘူး။ သမီးတို့ အစဉ်ဘက်က စားရဘို့အတွက် မိဘတို့က ကြက်သားတွေကို ကျွေးရတယ်။ အဲ့ဒါတွေရှိတယ်။”

အဲ့ဒီအပြင် စီးပွားရေးလုပ်ဆောင်တဲ့နေရာမှာလဲ သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆောင်ရွက်ရပြီး ဒီလိုပွဲတွေကတော့ ပျော်ပွဲရွှင်ပွဲလဲ ဖြစ်ပါတယ်။

“အဲ့ဒါပြီးရင် ဘာရှိသေးလဲဆိုတော့ ကျွန်တော်တို့ တော တောင်မှာ တောင်ယာလုပ်စားတဲ့အခါ ရှေးလူကြီးတွေ လက်ထက်မှာ ပျော်ပွဲတွေရှိသေးတယ်။ ကောက်ချည်သွပ်ပွဲတို့၊ ယာနတ်ပွဲတို့၊ ပွဲကြီး ပွဲကောင်းတွေ ရှိပါတယ်။ အဲ့ဒီမှာလဲ ၀က်နဲ့ပဲ ကျွေးတယ်။ ဆွေမျိုး ညာတကာတွေ ဖိတ်ပြီးတော့ ပဆန်းတွေ ဟော၊ ပဆန်းသီချင်းတွေဆို၊ ခေါင်တွေ သောက်လိုက်၊ ပျော်လိုက်ပါးလိုက်၊ အဲ့ဒီလို လုပ်တယ်။”

ဒါပေမယ့် ခေတ်ကာလပြောင်းလဲလာတာ၊ ခေတ် ပညာတတ်မြောက်လာတာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာတွေကြောင့် ဓလေ့ထုံးစံတွေလဲ တစစ ပြောင်းလဲလာပါပြီ။ ယခင်က တောင်ယာစိုက်ချိန် ပူဇော်ရတဲ့ စပါးလိပ်ပြာနတ်ကို ပူဇော်ပွဲဆိုရင် ပျောက်ကွယ်သလောက် ဖြစ်လာပါပြီ။

“ရခိုင်ပြည်မှာပဲ ရှိတော့တယ်။ စပါးရဲ့လိပ်ပြာဟာ။ ရခိုင်ပြည်က စပါးရဲ့ လိပ်ပြာဟာ ခဏကလေး ကျွန်တော်တို့ဆီကိုလဲ လှည့်ကြည့်ပါဦး။ ခဏကလေး ကြည့်ပေးပါဦးလို့ တောင်ပေါ်ကနေ လှမ်းလှမ်းပြီးတော့ ခေါ်တဲ့ နတ်တွေရှိတယ်။ ၀က်နဲ့ပဲ ခေါ်ရတယ်။ အခုတော့ ယာလဲမလုပ်တော့ဘူး။ ဘာလဲမလုပ်တော့ဘူး။ နတ်လဲ မရှိတော့ဘူး။ အဲ့ဒီ နတ်လဲ ဘယ်ရောက်သွားပြီလဲ မသိတော့ဘူး။ အဲဒီပွဲလဲ မရှိတော့ဘူး။ အခုတော့ နာရေးမှာ ကုသပေးတဲ့ အလုပ်ပဲ ရှိတော့တယ်။”

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကိုလိုက်ပြီး မိသားစု စားဝတ်နေရေးအတွက် တခြားစီးပွားရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ပေမယ့် နာမကျန်းဖြစ်တိုင်း၊ စီးပွားရေးအခက်အခဲဖြစ်တိုင်း ပဆန်းဟောပေးဖို့ ကုသပေးဖို့ ဦးမောင်နှောင်းကို ခေါ်သူတွေရှိနေသေးလို့ စီးပွားမရှာနိုင်တာ ဦးမောင်နှောင်းပါ။

“လုပ်မယ့် ဆဲဆဲမှာ လာနေပြီ ပဆန်းခေါ်ဖို့။ မသွားဘူးဆိုရင် မတော်တဆ သေသွားလို့ရှိရင် ရန်သူလို မြင်သွားပြီ။ သြော် ဒီ ဦးကြီးက ကျွန်တော့်သမီးကို မကုပေးလို့၊ ခေါ်ဆိုတဲ့အခါ မလာလို့၊ လွန်သွားလို့ သေရတယ်ဆိုပြီးတော့မှ ကျွန်တော့်ကို ရန်သူလို မြင်မှာစိုးလို့ ကျွန်တော်က မပျက်မကွက် ထမ်းဆောင်ရပါတယ်။ အဲ့ဒီအချိန် သူတို့ကလည်း ကျွန်တော့်ကို ကြေးငွေ ပိုက်ဆံ ဖူလုံအောင် မဖြည့်စွမ်းနိုင်တော့ ဆင်းဆင်းရဲရဲ အငတ်ငတ် အမွတ်မွတ်နဲ့ပဲ ကျွန်တော့် တမိသားစုလုံး ခံစားရပါတယ်။”

ခေတ်ကာလအခြေအနေ ဘယ်လိုပြောင်းပြောင်း ရိုးရာ အစွဲအလန်းတွေနဲ့ ယုံကြည်မှုတွေရှိနေသေးသမျှတော့ ဆရာ ဦးမောင်နှောင်း ပဆန်းဆက်ဟောနေရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *