ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ခေတ်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူအများစုက ရှေးထုံးတမ်းစဉ်လာတွေကို မေ့ဖျောက်ပြီး သိပ္ပံနည်းလမ်းအရပဲ စဉ်းစားတွေးခေါ်ကျင့်သုံးလာကြပါ တယ်။ တကယ်တော့ “ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မလွယ်နဲ့”ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ရှေးထုံးတွေကိုလည်း မပယ်သင့်ပါ ဘူး။

ရှေးထုံးတွေဟာ ကိစ္စရပ်တိုင်းမှာ ရှိနေနိုင်ပါတယ်။ အခုသီတင်းပါတ်မှာတော့ ရခိုင်အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်စဉ်ကာလကနေ ကလေးငယ်မွေးဖွားပြီး စီးချိန်အထိ ပြုလုပ်ကျင့်သုံးလေ့ရှိကြတဲ့ ရှေးထုံးတမ်းဓလေ့အကြောင်း လက်ရှိအချိန်ထိ လိုက်နာကျင့်သုံးနေသူတွေ၊ ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေနဲ့တွေ့ဆုံ မေးမြန်းထားချက်တွေကို ပြောပြပေးချင်ပါတယ်။

အခုတင်ပြသွားမယ့်အကြောင်းအရာတွေက သိပ္ပံအရ ယူဆချက်တွေနဲ့တော့ ကွဲလွဲနိုင်ပေမယ့် ကတယ့်ကို လိုက်နာကျင့်သုံးနေကြတဲ့အချက်တွေဖြစ်ပါ တယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီနည်းလမ်းတွေထဲက တစ်ချို့ကို ကျင့်သုံးကြသလို အဲဒီနည်းလမ်းအကုန်လုံးကို လိုက်နာကျင့်သုံးသူတွေလည်းရှိပြီးတစ် ချို့ကလည်း သိလောက်မှာတောင် မဟုတ်ပါဘူး။ ဒါကလည်း ယုံကြည်မှုနဲ့လည်း ဆိုင်ပါသေးတယ်။

အမျိုးသမီးတစ်ဦး ကိုယ်ဝန်စတင်လွယ်ထားရပြီဆိုတာနဲ့ အဓိကတော့ ဆေးဝါးပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို့ ပြောကြမှာက မလွဲမသွယ်ပါ ပဲ။ တစ်ခြားတစ်ဖက်မှာလည်း ဒီလိုပဲ အရေးကြီးတဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ပထမဦးဆုံးအနေနဲ့ တင်ပြမယ့် ရှေးထုံးဓလေ့ကတော့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန် ၅ လရှိလာပြီဆိုတာနဲ့ တစ္ဆေမှင်စာတွေရဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ အဆောင်လက်ဖွဲ့တစ်ခုဖွဲ့ရပြီး အဲဒီလက်ဖွဲ့ကို ကိုယ်နဲ့ မ ကွာ ဆောင်ထားရတာပါ။ သူတို့က ကိုယ်ဝန် ၅ လကနေ ကလေးမွေးဖွားပြီးလို့ ၇ လကြာတဲ့အထိ အဲဒီအန္တရာယ်တွေကို ကြုံကြရပြီး အဲဒီအန္တရယ်တွေ ကြုံရရင် အသက်သေဆုံးတဲ့အထိ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မေက သူတို့ဒေသက ရှေးထုံးတမ်းတွေအကြောင်း အခုလို ပြောပြပါတယ်။

“တစ္ဆေမှင်စာတွေ၊ မရွတ်မတွေ မလာနိုင်အောင်လို့ ကိုယ်ဝန် ၅ လရှိကတည်းကနေ မရွတ်လက်ဖွဲ့ထိုးတယ်။ ကလေးရရင်လည်း မရွတ်မ မလာရအောင် လို့ မီးဖိုထားရတယ်။ သွေးသနပတ် မလိုက်ရအောင်လို့ မီးလည်းလှုံတဲ့ ပုံစံမျိုးနဲ့ပေါ့။ ပူတုန်းရာသီဆိုရင်လည်း မီးဖိုထားရတယ်။ လူအများမရောက်ဘူးဆို ရင် မွေးတဲ့ထဘီကို အိမ်ဝက ကာထားရတယ်။ တစ္ဆေကြောက်၊ မင်စာကြောက်ဆိုပြီးတော့။ မီးစောင့်ကြတယ်။ ၅ ရက်ဆို ၅ ရက်။ မီးစောင့်သားတွေကို ကျွေးလို့၊ မွေးလို့။ ၅ ရက်လောက်နေရင် မီးကိုသွားပစ်ရတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီးတော့ မီးဖိုကို သွားပစ်ရတာ။ မကျန်းရေး၊ မမာရေးနဲ့ဆို လည်း ကလေးတွေကို လက်ဖွဲ့၊ လက်ကာတွေထိုးကြတယ်။ စကားမပြောဆိုရင်လည်း ခမည်းတောင်းတဲ့ ပုံစံမျိုး (ဗေဒင်) တွက်ချကြည့်တော့ ဦးဆိုဦးရီး၊ အဖိုးဆိုအဖိုးက ခမည်းပေးရမယ်။ အဖြူဆိုအဖြူပေါ့။”

ဒီအန္တရာယ်တွေက လွတ်မြောက်လာလို့ အောင်အောင်မြင်မြင်နဲ့ ကလေးမွေးဖွားနိုင်ခဲ့ပြီဆိုတဲ့အခါမှာလည်း အဲဒီမိခင်နဲ့ ကလေးကို စောင့်ရှောက်တဲ့အနေနဲ့ အိမ်နီးနားချင်းတွေ၊ ဆွေးမျိုးအသိုင်းအဝိုင်းတွေက လာရောက်နေထိုင်ပေးကြရပါတယ်။ ဒီလိုလာရောက်စောင့်ရှောက်ပေးတဲ့ သဘောကို ဒေသမှာတော့ “မီးစောင့်တယ်” လို့ခေါ်ဆိုကြပါတယ်။ မီးစောင့်တဲ့အခါမှာ အရင်က မွေးဖွားဖူးသူဆိုရင် ၃ ညနဲ့ ပထမအကြိမ်မွေးဖွားသူဆိုရင် ၅ ညတိတိ လာရောက် စောင့်ရှောက်ရတာပါ။ လာရောက်စောင့်ရှောက်ပေးသူတွေဟာ ညလုံးပေါက် မအိပ်ပဲ နေပေးရပြီး သူတို့တွေကို ကာယကံရှင်မိသားစုက အကျွေးအမွေးနဲ့ ဧည့်ခံကျွေးမွေးရပြန်ပါတယ်။ မီးလာစောင့်တဲ့ ဓလေ့ကလည်း ပျော်စရာကောင်းတဲ့ဓလေ့တစ်ခုပါ။

“အကျွေးအမွေးနဲ့ မီးစောင့်ကြတယ်။ မီးစောင်ဖို့လာတဲ့သူတွေဟာ ကျန်းမာစေကြောင်း စိုင်တိခတ်ပြီးတော့ ဝင်ကြတယ်။ မိစ္ဆာတွေ သူတို့နောက်ကပါ လာရင် ကလေးငယ်လန့်၊ ဖြန့်မသွားအောင်လို့ပေါ့။ ဒီလို ကျွေးမွေးတဲ့အခါမှာတော့ ဘယ်သူက ကျွေးရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူး။ များသော အားဖြင့် မိဘဆီက ကျွေးတယ်။ ဘယ်သူကကျွေးကျွေးရတယ်။ ကိစ္စမရှိဘူး။ ဖဲကစားတတ်တဲ့သူက ဖဲကစားတယ်။ မကစားတတ်ရင် ပြောဟောနေကြ တယ်။ မိုးလင်းတဲ့အထိပဲ။ မအိပ်ဘဲနေကြတယ်။ အကုန်လုံးအိပ်လို့ မရဘူး။ မီးစောင့်တယ်ဆိုတာ တစ်တိုင်ကတော့ အနိုးနေရတယ်။ မိစ္ဆာတွေ မလာရ အောင် ဆိုပြီးတော့ပေါ့။ ပျော်ကောင်း၊ ပျော်ဖွယ်လေ။ တအားပျော်ဖို့ကောင်းတယ်။ အပျိုကလေးတွေဆို ကစားကြတယ်။ အအိုတွေကတော့ ဖဲကစားကြ တာပေါ့။ ကောင်းကင်လရောင်အောက်မှာ ထုတ်ဆီးထိုးတမ်းကစားကြတယ်။ မနက်အာရုံ ၅ နာရီ လောက်ဆို ထသွားကြပြီ။”

မီးစောင့်ပြီးလို့ ၃ ည၊ ၅ ညစသဖြင့် ပြီးမြောက်သွားချိန်မှာတော့ ကလေးနဲ့ မိခင်ဘေးမှာဖိုထားတဲ့ မီးဖိုကို လွှင့်ပစ်လိုက်ရပါတယ်။ လွှင့်ပြီးချိန်မှာတော့ ကလေးမွေးဖွားပြီးလို့ သွေးနု၊ သားနုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတဲ့ မိခင်ရဲ့ အန္တရာယ်တွေဟာလည်း ပြေပျောက်သွားတယ်လို့ ယုံကြည်ကြတာပါ။ အဲဒီ အကြောင်းနဲ့ မီးစောင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲဆိုတာကိုလည်း သား၊ သမီး ၄ ယောက် မိခင် အသက် ၅၀ ကျော်အရွယ် ဒေါ်လှစောသိန်းက အ ခုလို ရှင်းပြပါတယ်။

“မရွတ်ဖုတ်မကို စောင့်ကြတာ။ ကလေးမွေးတဲ့သူတွေမှာ အရင်က မရွတ်ဖုတ်မ ရသွားတယ်လို့ရှိခဲ့တယ်။ မီးပစ်လိုက်ရင်တော့ ကောင်းသွားပြီ။ ကိုယ်ဝန် တည်ရင် ၅ လကနေ မရွတ်မက နောက်ကလိုက်နေတာ ကလေးမွေးပြီးလို့ ၇ လကြာတဲ့ထိ စောင့်နေတယ်တဲ့။ မီးပစ်လိုက်ရင်တော့ အပြင်မှာ ကျန်ခဲ့ပြီ။ ကျမရဲ့အစ်မကို မရွတ်ဖုတ်မကိုင်ထားလို့ ဒီအတိုင်း အိမ်သာမှာ အစာကျွေးရတယ်။ အရင်ကလူတွေမှာပြောတာ။ အခုလူတွေမှာက ဆေးရုံမှာ မွေးကြတာ များတယ်။ နယ်မှာဆို နယ်ကဓလေ့ပေါ့။ အိမ်သာအောက်မှာ ဇီးခက်ချပ်ထားရတယ်။ အိမ်ဝမှာရောပဲ။ အိမ်မှာဆိုလည်း ပတ်ပတ်လည်ချပ်ထားတာပေါ့။”

“မရွတ်မ”လို့ သူတို့ပြောကြတဲ့ အရာကလည်း မိစ္ဆာတစ်မျိုးဖြစ်ပြီး အဲဒီမိစ္ဆာဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မီးတွင်းက မိခင်တွေကို သေစေနိုင်တဲ့ အန္တရာ ယ်ပြုနိုင်တယ်လို့ ဆိုကြပါတယ်။ သိပ္ပံနည်းအရပြောရမယ်ဆိုရင်တော့ ဒါဟာ ကိုယ်ဝန်ဆောင်နဲ့ လတ်တလော ကလေးမွေးဖွားထားတဲ့ ကလေးမိခင်တွေ သွေးအားနည်းပြီး ဖြစ်တတ်တာလို့ ဆိုရမှာပါ။ ဒီလိုအဖြစ်အပျက်တွေကိုတော့ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တိုင်းနီးပါးက ကြုံဖူးကြပါတယ်။

“မရွတ်မရသွားတယ်ဆိုရင် သေတယ်။ စားတယ်။ ကျမမှာ သေသွားတဲ့သမီးလေး မွေးတုန်းကဆိုရင် ဆံပင်ဒလဟောနဲ့ (ခန္ဓာကိုယ်ပေါ်) တက်ခွတက်လာ ပြီးတော့ လည်ပင့်ညှစ်တယ်။ အဲဒီလို ညှပ်လို့ကျမသာ ရှုံးသွားခဲ့ရင် ကျမလိပ်ပြာထွက်သွားမယ်(သေသွားမယ်)။ ဟိုလူတွေ (သိပ္ပံအရ) ပြောတော့ ဘယ် ယုံမလဲ။” လို့ ဒေါ်လှစောသိန်းက ပြောပါတယ်။

ဒေါ်ခင်မေကလည်း “မရွတ်မဆိုတာကို ကျမလည်းတစ်ခါခံဖူးပြီ။ ဟိုးအထက်ထက်ကနေ ရှိလာတာ။ မရွတ်မရလို့ သေတာလည်း ရှိတယ်။ ဒါကြောင့် ဗိုက် မှာကိုယ်ဝန်ရှိကတည်းက မရွတ်လက်ဖွဲ့ဝတ်ရတယ်။ ကျမတို့ရွာက အေးရွှေဆိုတဲ့ မိန်းကလေးလည်း မရွတ်မရလို့ ဆုံးသွားတာ။ ရန်ကုန်ကညီမလေးတွေ တယ်ဆိုပြီး အမေအိမ်ကို စားဖို့၊ သောက်ဖို့ဆိုပြီး တစ်ယောက်တည်းလာတော့ လန့်သွားတယ်။ အိမ်ကိုရောက်တော့ မျက်ဖြူပြန်ပြီး သတိလစ်လို့ အဲဒီနေ ရာမှာပဲ သေဆုံးသွားတယ်။”လို့ ဆိုပါတယ်။

ဒီလို အန္တရာယ်တွေကို ကာကွယ်ရှောင်ရှားနိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ်မှာ လက်ဖွဲ့ဆောင်ထားတာ၊ ကလေးမွေးဖွားပြီးချိန်မှာလည်း နေအိမ်ဝနဲ့ အိမ်သာတို့ မှာ ဇီးကိုင်းတို့ကို ချပ်ထားတာစတဲ့ အရာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ နောက်ပြီးတော့ လတ်တလော မွေးဖွားထားတဲ့ မိခင်ဟာ ညနေထမင်းကို နေမ စောင်းခင်စားရတာ၊ နေညိုရင် အပြင်မထွက်ရတာ၊ အိမ်ကလူတွေ ထမင်းစားရင် လဲလျောင်းမနေဘဲ ထိုင်နေရတာစတဲ့ အရာတွေကိုလည်း ရှောင်ရှားရပါ တယ်။

“ကလေးအမေမှာဆိုလို့ရှိရင် ထမင်းကို နေမဝင်ခင် ၄ နာရီကနေ စားရတယ်။ ကိုယ့်ကလေးနဲ့ ကိုယ်နေရတယ်။ ပြင်ကိုမထွက်ရဘူး။ အိမ်သားတွေထမင်း စားနေရင် အိပ်မနေရဘူး။ ကိုယ်စားပြီးရင်လည်း အိမ်သားတွေ မစားရသေးရင် ထိုင်နေရတယ်။ အဲဒီလို အိပ်နေလိုက်လို့ ကျမတို့ ရွာအနီးက အစ်မတစ် ယောက်ကို (ထဘီ) ရင်တင်ဝတ်ပြီးတော့ လည်ပင့်လာညှစ်လို့ ကျမကို အော်ခေါ်တော့ ဆံပင်ခြူပြီးတွေ့လို့ ကျမလန့်အော်လိုက်မိတယ်။ အဲဒီလိုရှိတယ်။ အထက်ထက်ကနေပေါ့။ ခုတော့ ဘယ်လိုဆိုရမလဲ။ လူကြမ်းရင် နတ်မလိုက်နိုင်ဆိုသလို အရင်ကပဲရှိတာ။ ခုတော့ မရှိတော့ဘူးထင်တယ်။ ဒါပေမဲ့ ရခိုင် ထုံးစံအလိုက် နယ်ဖက်တွေမှာဆို လုပ်ကြတာပဲ။ စစ်တွေတို့မှာတော့ အဲလိုမလုပ်ကြတော့ဘူး။ မရွတ်လက်ဖွဲ့ကိုတော့ မဝတ်တဲ့သူလည်းရှိတယ်။ ဝတ်တဲ့ လူလည်းရှိကြတာပဲ။ (စစ်တွေ) ဒီမှာလည်း။”

မိခင်တွေက ကျန်းမာနေရုံနဲ့လည်း မပြီးသေးပါဘူး။ ကလေးတွေကို ပြုစုစောက်ရှောက်ရာမှာလည်းပဲ ဒီလိုဓလေ့တွေက ရှိနေပြန်ပါတယ်။ တကယ်လို့သာ ကလေးက မွေးကင်းစကနေ ၅ လအထိငိုတယ်။ ၆ လအထိငိုတယ်။ စသဖြင့် အတိုင်းအတာတစ်ခုအထိ ငိုလာပြီဆိုရင်တော့ ယတြာချေတာတွေလည်းပြု လုပ်ကြရပါပြီ။ ၃ ရက်ဆို ၃ ရက်၊ ၇ ရက်ဆို ၇ ရက်စသဖြင့် ရက်ချိန်းတစ်ခု သတ်မှတ်လိုက်ပြီးတော့ အဲဒီနေ့ရက်အတွင်းမှာ နီရဲနေအောင်းမီးဖုတ်ထားတဲ့ ထင်းမီးကျည့်ကို အသင့်ထည့်ထားတဲ့ ရေဇလုံထဲမှာနှစ်ကာ ထမင်း ၇ ဆုပ်ကို ရေမှာတစ်ချက်စီနှစ်ရင်း နေအိမ်ရဲ့အရပ်လေးမျက်မှာကို ပတ်ကာ ကလေး ကို အငိုတိတ်အောင်လုပ်ပေးဖို့ ကတိကဝတ်တွေပြု ဆုတောင်းရရင်း ထမင်းဆုပ်တွေကို လွှင့်ပစ်ရတာလည်း ရှိပါတယ်။

“ဗိုက်ကကျတာနဲ့ ၅ လငိုတဲ့ကလေးငိုတယ်။ ၆ လ ငိုတဲ့ကလေးငိုတယ်။ ကျမသားဆိုရင် ၆ လတိတိငိုတယ်။ အငိုးဝေးတယ်လို့ ခေါင်မိုးပေါ်ကို ထမင်း ခုနစ်ဆုပ်ဆုပ်ပြီးတော့ ရေဇလုံမှာ ထမင်းကိုထည့်တယ်။ ပြီးတော့ ၃ ရက်ဆို ၃ ရက်၊ ၇ ရက်ဆို ၇ ရက် လွှင့်ပါ့မယ်လို့ဆိုပြီး (ကတိပြု) မီးကျည့်ကို ရေ မှာနှစ်တယ်။ ထမင်းတဆုပ်စီဆုပ်တယ်။ မီးကျည့်ကို ရေမှာတစ်ချက်ညှစ်ပြီးတော့ ဟိုဖက်အိမ်ခေါင်၊ ဒီဖက်အိမ်ခေါင်မိုးကျော်အောင် မြှောက်ပစ်ရတယ်။ ကျမသားတုန်းကဆိုရင် ၃ ရက်ပဲ မြှောက်တယ်။ (အငို)ပျောက်သွားရော။ အဲဒီလို ထုံးစံတွေရှိတယ်။ အမျိုးမျိုးအဖုံဖုံ မွေးစားရတယ်။ ကလေးတွေကို။”

အခုလို လုပ်ရုံနဲ့တောင် အငိုတိတ်မလာသေးတာ၊ ဖျားလာသေးတာ၊ နောက်ပြီးတော့ တစ်ခြားသွင်ပြင်လက္ခာဏာတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ မဒါန်းသွားပစ်ရတယ်လို့ ဆိုပါတယ်။ မဒါန်းသွားပစ်တဲ့အခါ ကလေးတွေအတွက် သီးသန့်လမ်းညွှန်စာအုပ်ကို ဖတ်ရပြီး အဲဒီစာအုပ်မှာပါတဲ့အတိုင်းလိုက် လုပ်ရပါတယ်။ ဥပမာတစ်ခု ပြရမယ်ဆိုရင်တော့ နှီးနဲ့ရက်လုပ်ထားတဲ့ ခြံလို ပုံဥဏ္ဍာန်ရှိတဲ့အရာလေးထဲမှာ ထမင်းဆိုထမင်း၊ အကြော်ဆိုအကြော်စသဖြင့် လမ်းညွှန်ချက်မှာပါတဲ့အတိုင်း ထည့်ပြီး လူသူကင်းမဲ့တဲ့ တောခြုံစပ်တွေ၊ အပင်အောက်တွေမှာသွားပြီး ပစ်ထားခဲ့ရတာပါ။ ဒီလို မဒါန်းသွားပစ်တဲ့အခါမှာ လည်း အဖေ၊ အဖိုး၊ အဖွားတို့က သွားရပေမယ့် ကလေးအမေကတော့ သွားခွင့်မရှိပါဘူး။

“အဖေပစ်လည်းရတယ်။ အဖွားပစ်လည်းရတယ်။ အမေကတော့ ကလေးနဲ့ဆိုတော့ ဘယ်လိုပစ်မလဲ။ မဒါန်းသွားပစ်ရင် ဓားတစ်ချောင်း၊ မဒါန်းဖြစ်ဖို့ ခွက် ချမယ့်နေရာမှာ စည်းဝိုင်းပစ်ခဲ့ရတယ်။ ကလေးတွေငိုတာနဲ့ ထမင်းရေစိမ်ပစ်ရမယ်ဆိုပြီးတော့ အိမ်မှာ ကျန်တဲ့ ထမင်းကျန်ကို ကလေးရှိတဲ့ အိမ်တွေမှာ ကလေးကို မဒါန်း မကြည့်ရသေးဆိုရင် ထမင်းကျန်ကို ဇလုံတလုံးမှာထည့်ပြီးတော့ စားကြ၊ သောက်ကြ၊ ကလေးကို မငိုစေနဲ့ နို့စို့ခိုင်းပေးပါ။ တို့ပြီးတော့ အိမ် ရှေ့အိမ်နောက် မထင်းရေစိမ်ပတ်ကြဲလိုက်ရတယ်။”

ဒီအဆင့်တွေကို ကျော်လွန်လာနိုင်ခဲ့ပြီဆိုင်ရင်တော့ ကင်းပွန်းကိုင်တဲ့အဆင့်ကို ရောက်လာပါပြီ။ ကင်းပွန်းကိုင်တယ်ဆိုတဲ့ ဓလေ့ကလည်း ထူးဆန်းပါ တယ်။ ကလေးလလှည့်တဲ့အခါ (သို့မဟုတ်) တစ်လပြည့်တဲ့အခါ (သို့မဟုတ်) သုံးလပြည့်တဲ့အခါမှာ စသဖြင့် အသက်အပိုင်းအခြားတစ်ခုကို ရောက်ပြီ ဆိုတာနဲ့ ဒါကို ပြုလုပ်ကြပါပြီ။

“ကင်းပွန်းကိုင်တယ်ဆိုတာက လလှည့်တဲ့အခါဖြစ်ဖြစ်၊ တစ်လပြည့်တဲ့အခါဖြစ်ဖြစ်၊ ကင်းပွန်းကိုင်လိုက်တယ်။ ကင်းပွန်းသီး၊ ဆီ၊ ဆနွင်းထည့်ပြီး လူ တွေကို ပတ်ခေါ်တယ်။ အကျွေးအမွေးနဲ့ပေါ့။ လဘက်ရည်ဆို လဘက်ရည်၊ မုန့်တီဆိုရင် မုန့်တီ အဲဒီလို ကျွေးလို့၊ မွေးလို့။ အဲဒီမှာ ကျောက်သီး၊ ဓါး၊ ဆန်လည်းထည့် ကြတယ်။ သံဇကာတစ်ခုမှာ။ ကင်းပွန်းကိုင်ဖို့လာတဲ့သူဟာ ကင်းပွန်းခွက်ကို ကိုင်ပြီးတော့ ကလေးကို ကျန်မာပါစေ။ ချမ်းသာပါစေ ဆုတောင်းပြီးတော့ ကလေးကို တို့ကြတယ်။”

ကင်းပွန်းကိုင်လိုက်တဲ့ ကလေးဟာ တစ်ခြားကလေးတွေလို မဟုတ်တော့ဘဲ ကျန်းမာလန်းဆန်းပြီး အရင်ကထက်ပိုပြီး လာဘ်လာဘကောင်းလာတယ် လို့ ယူဆကြတာလည်း ဖြစ်ပါတယ်။ ကလေးငယ်က အသက်အရွယ်တစ်ခုထိ ကြီးပြင်းလာပြီ။ စကားမပြောသေးဘူး။ တွားမသွားတတ်သေးဘူးဆိုတဲ့ အ ခါမှာ ပြုလုပ်ရတဲ့ ဓလေ့တစ်ချို့ရှိပါသေးပါတယ်။

ဒီဓလေ့ကိုတော့ “ခမည်း” ပေးတယ်လို့ ဒေသက ခေါ်ပါတယ်။ ခမည်းပေးတဲ့အခါမှာ ဗေဒင်နက္ခကြည့်လို့သာ ဦးရီးတော်စပ်သူက သူ့ကိုတစ်ခုခုပေးရမယ်။ အဘိုး၊ အဒေါ်၊ အဘွားစတဲ့သူတွေက တစ်ခုခုပေးရမယ်လို့ အဖြေပေါ်ရင် မပေးမနေပေးရပြီးတော့ မပေးဘဲနဲ့ ဒီအတိုင်းထားလိုက်ရင် အဲဒီကလေးမှာ အ သက်ကြီးတဲ့အထိ ချို့ယွင်းမှုတွေပါသွားနိုင်တယ်လို့ ဒေါ်လှစောသိန်းက ဆိုပါတယ်။

“ကျမသားငယ်ငယ်က ဘုန်းကြီးဆီက ခမည်းတောင်းတယ်။ ဘုန်းကြီးဆီကအနီရောင်တောင်းလို့ အကျီကျိုင်းပြတ်ဝယ်မလို့ ပိုက်ဆံ ၂၀၀၀ ပေးလိုက် တယ်။ အဲဒါကို ဘုန်းကြီးကို သွားဝတ်မခိုင်းဘဲ ကိုယ့်ဟာ ကိုယ်ဝတ်လိုက်တယ်။ ကျမလည်း ထပ်ပြီး သွားတောင်းမှာ အားနာတော့ ကျမသားက နား သိပ်မကြားဘဲ ဖြစ်သွားတယ်။ ကျမသား နောက်တစ်ယောက် ယ်ငယ်ကတော့ အဖေရဲ့အကိုဆီက တောင်းတယ်။ ၅ နှစ်ပြည့်သွားပြီ စကားမပြောလို့ ရွှေတောင်းတယ်တဲ့ စတီးကြိုးမှာ ရွှေရည်ဆန်းလို့ ပေးလိုက်ရတယ်။ အဲဒါတွေလည်း အမှန်တွေပဲ။”

မီးစောင့်တဲ့အခါ၊ ကင်းပွန်းကိုင်တဲ့အခါတွေမှာ ဦးရီး၊ အဒေါ်စတဲ့သူတွေက တကာခံကျွေးမွေးရမယ်လို့ သတ်မှတ်ချက်မရှိပေမယ့် ခမည်းတောင်းတဲ့ အခါမှာတော့ သူတို့က မဖြစ်မနေပေးရတာလည်း ဖြစ်ပါတယ်။ ဒီလိုဓလေ့တွေကို နယ်ကလူတွေက များသောအားဖြင့် ပြုလုပ်လေ့ရှိပြီး ဆေးပေးခန်း၊ ကျန်းမာရေးစင်တာတွေလို နေရာတွေနဲ့ အနေနီးတဲ့ ဖွံ့ဖြိုးတဲ့ဒေသဖြစ်တဲ့ မြို့ပေါ်တွေမှာတော့ သိပ်ပြီးတော့ ပြုလုပ်လေ့ မရှိကြပါဘူး။ တစ်ချို့ကတော့ ဒါတွေဟာ ဗုဒ္ဓဘာသာမဟုတ်ပဲ ဗြဟ္မဏဝါဒက ဆင်းသက်လာတာလို့လည်း ဆိုကြပါတယ်။

ဘယ်လိုဘဲ ပြောနေကြပါစေ ယုံကြည်ကြသူတွေအဖို့ကတော့ “ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မလွယ်နဲ့” ဆိုတဲ့ ဆိုရိုးကလည်း သက်သေရှိနေ တယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လောက်ပဲ ဆေးသိပ္ပံပညာတွေ တိုးတက်နေပါစေ ကိုယ်ဝန်ဆောင်တွေအဖို့ ဒီယုံကြည်မှုတွေကို လုံးဝမေ့ပစ်ဖို့ကတော့ မလွယ်ကူသေးပါဘူး။

ဓာတ်ပုံ – အောင်အောင်ထူး

 23 total views,  3 views today