ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပန်းရံအတတ်ပညာကိုတော့ အမျိုးသားတွေကသာ သင်ယူတတ်မြောက်ပြီး လုပ်ငန်းခွင်တွေမှာ ဦးစီးဦးဆောင် လုပ်ကိုင်လျှက်ရှိ ကြပြီး အမျိုးသမီးတွေကတော့ နောက်လိုက်အနေနဲ့ သဲပြောင်း၊ အုပ်ထမ်း၊ မဆလာပြောင်းစတဲ့ အောက်ခြေသိမ်းအလုပ်တွေကိုသာ လုပ်ကိုင် ကြပါတယ်။

ဒါပေမဲ့ အဲဒီလို အောက်ခြေသိမ်းအလုပ်တွေ မဟုတ်ဘဲ ပန်းရံအတတ်ပညာကို ကိုယ်တိုင်သင်ယူတတ်မြောက်ထားကာ အဲဒီပညာနဲ့ပဲ သက်မွေးဝမ်းကြောင်းပြုနေပြီး အမျိုးသားတွေနဲ့ တန်းတူ ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိနေပါတယ်။ သူ့အကြောင်းကို ဒီတစ်ပါတ်မှာ တင်ပြပေးချင်ပါတယ်။

သူကတော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့သူ ဒေါ်ခင်ခင်ဝင်းပါ။

“ကိုယ့်လက်အောက်မှာဆိုရင် ပန်းရံဆရာအငယ်လေးတွေရှိတယ်။ ဒုတိယအဆင့်ပေါ့။ ပထမအဆင့်လည်း မဟုတ်သေးဘူး။ နောက် လှည့်ကြည့်ပိုက်ပေါ့။ ဆရာက ဒီလိုဒီလိုလုပ်ဆိုရင် အကုန်လုံးကို ကိုယ်တိုင်လုပ်လို့ရတယ်။ ပန်းရံဆရာအများနဲ့ဆိုရင် ကိုယ်ဦးဆောင် ရတယ်။ ဒါကို မင်းဒီလိုလုပ်။ ဒါကို မင်းဒီလိုလုပ်။ ဆရာကို ညွှန်ပြလိုက်တယ်။ ဆရာကြီး ဒီတစ်ခုကို ဘယ်လိုလုပ်မလဲလို့ ဖုန်းနဲ့ဖြစ်ဖြစ် ဘာနဲ့ဖြစ်ဖြစ် လှမ်းမေးရင် ဒီလိုလုပ်လိုက်ပါဆိုရင် အလုပ်သမားတွေကို ကိုယ်ကပြောရတယ်ပေါ့။ ခိုင်းရတယ်။ ပထမအဆင့်ဆိုပြော စ ရာက မလိုတော့ဘူး။ ကိုယ့်ဟာကိုယ် ဆွဲလို့နိုင်တယ်ဆိုရင် ပထမအဆင့်ခေါ်တယ်။ ဒုတိယအဆင့်ပေါ့။ ဆရာပြောတာကို အကုန်လုံး လုပ်နိုင်တယ်။”

ပန်းရံဆရာမတစ်ယောက်ဖြစ်လာဖို့ဟာ သူမရဲ့ ရည်မှန်းချက်မဟုတ်သလို သူမဝါသနာပါလို့ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်း အသက် ၁၈ နှစ်အရွယ်မှာ မိသားစုစားဝတ်နေရေး အကျပ်အတည်းကြောင့် ကျရာအလုပ်ဝင်လုပ်ရာကနေ ပန်း ရံလုပ်ငန်းခွင်ထဲ ဝင်ရောက်ခဲ့တာလို့ဆို ပါတယ်။

“အိမ်မှာ စားဝတ်နေရေး အခက်ခဲကြောင့်နဲ့ပေါ့။ အိမ်မှာ မေမေကလည်း နယ်ကိုသွားလို့။ အဲဒီအခါက အလုပ်ကလည်းရှားတော့ မိသားစု အတိုင်းအတာမှာ မိန်းကလေးတွေအတွက် အဲဒီအလုပ်တစ်ခုသာ လွယ်လွယ်နဲ့ရတဲ့အလုပ်။ ကိုယ်မှာလည်း ပညာအရည်အချင်းမရှိလို့ ခက်ခက်ခဲခဲ အလုပ်ကို မရှာတော့ဘူး။ အလွယ်တကူရတဲ့ အလုပ်ကိုဘဲ လိုက်လို့လုပ်လိုက်တာပါ။ အခက်ခဲဆိုတာက ဟိုမှာ လုပ်မယ်ဆို လည်း ဟိုထောက်ခံချက်၊ ဒီထောက်ခံချက်၊ အသိတွေ အဲဒီလို ကဏ္ဍတွေရှိတယ်။ ဒီအလုပ်ဆိုက ဟိုအခက်ခဲ၊ ဒီအခက်ခဲ မရှိ။ ကိုယ့်မှာ သူငယ်ချင်းတွေလုပ်နေကြတော့ ငါလည်း တစ်ယောက်လုပ်မယ်ဆိုပြီး ရောက်သွားတာ။”

ဝါသနာအလျောက်လုပ်ကိုင်ခဲ့တာ မဟုတ်ဘူးဆိုပေမယ့်လည်း သူမကတော့ ဖြစ်တဲ့ဘဝမှာ အကောင်းဆုံးဖြတ်ကျော်ပြီး အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းကတော့ သူ့အနေနဲ့ ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ဘဲ သူလုပ်တဲ့ လုပ်ငန်းခွင်မှာ နားလည်တတ်ကျွမ်းအောင်သာ ကြိုးစားခဲ့တာ ဆိုပါတယ်။ ဒါ့အပြင် ငယ်ရွယ်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ရည်မှန်းချက်အများအပြား ရှိဖို့ အသင့်ရှိမနေခဲ့ဘဲ လက်ရှိအလုပ်ကိုသာ ဦးစားပေးလုပ်ကိုင်ရမယ်ဆိုတဲ့ အသိတစ်ခုတည်းဖြင့် လုပ်ကိုင်ရင်း သိနားလည်လာခဲ့တာ ဆိုပါတယ်။

အဲဒီတုန်းက သူကြိုးစားလုပ်ကိုင်ခဲ့ပုံကိုလည်း “ယောက်ျားတွေနဲ့ တွဲလို့လုပ်ရတယ်။ ယောက်ျားတွေက ဟိုဟာလုပ်။  ဒီဟာလုပ်။ ဘာလို့ ဆို ကိုယ်ပညာတစ်ခုလိုရင်တော့ အားလုံးသူဆီမှာ အောက်ကျို့ခံရတာပဲ။ ကိုယ်မြို့ထဲမှာ ထမင်းစားပြီးရင် သူများထက် အရင်လာတယ် ။ ယောက်ျားပန်းရံဆရာလုပ်တာတွေကို ဝိုင်းလုပ်ပေးတယ်။ ဆိုတော့ ပန်းရံဆရာကလည်း သဘောကျတယ်။ နောက်လိုက်သဘော အ မြဲတမ်း ဒွန်တွဲလို့ ယူသွားတယ်။ အမြဲတမ်း ဒွန်တွဲလို့ ယူသွားတဲ့အချိန်မှာ ကိုယ်ကလည်း သူတို့လုပ်တဲ့အတိုင်းအတာတွေကိုကြည့်တယ်။ ကြည့်ပြီး အကုန်လုံးကို အဖက်ဖက်က ဝင်လုပ်ပေးတယ်။” လို့ ပြောပြပါတယ်။

သူတို့ အလုပ်စဝင်တုန်းကတော့ အမျိုးသမီးသားတွေက ငွေ ၄၀ လောက်ရကြပေမယ့် အမျိုးသမီးတွေကတော့ ၂၀ လောက်သာရကြ ပါတယ်။ ဒါကြောင့်လည်း သူက အမျိုးသားတွေနဲ့ တန်းတူ ဝင်ငွေရအောင် နေ့မအိပ်၊ ညမနားလုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်ကိုင်ခဲ့လို့လည်း သူမရဲ့ ပညာသင်မယ့် အချိန်တွေကို မိသားစုတွေကို လုပ်ကျွေးရင်းနဲ့ စတေးခဲ့ရပါတယ်။

“နောက်ပိုင်းမှာဆိုတော့ ဥက္ကဌကလည်း အော် သူဖြစ်တယ်။ ဖြစ်နိုင်တယ်။ ဆိုပြီးတော့ နောက်လှည့် ပိုက်ပုံစံမျိုးပေါ့။ ပန်းရံဆရာတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင်ချော။ ကိုယ့်ဟာကိုယ်လုပ်။ အုပ်စီလို့ ကျွမ်းကျင်တော့ ပန်းရံတစ်ယောက်ကို ၄၀ ဆယ်။ အဲဒီအချိန်မှာနောက်လိုက် မိန်းမတစ်ယောက်ဆို ၂၀ လောက်ပဲရှိတယ်။ ၄၀ ရရင် အဲဒီအချိန်က စားရတာက ဖူလုံတယ်။ ညဥ့်လုပ်ရတဲ့ လုပ်ကွက်တွေရှိတယ်။ ရက် မှာ တစ်ရက်။ ညဥ့်မှာ တစ်ရက်။ အဲဒီလို ကြိုးစားရတယ်။ ဘာလို့ဆို ကိုယ်က ပိုက်ဆံလိုချင်လို့ လုပ်တာမို့လို့ နေ့မရွေး။ ညမရွေး။ အလုပ် လုပ်ရတယ်။ ပိုက်ဆံလိုချင်လို့လုပ်တော့ အပိုရလာတော့ ပို့လို့ စုဆောင်းမိတယ်ပေါ့။ ကိုယ့်မှာက ကျောင်းသားတွေလည်းရှိတယ်။ အစ်မ အကြီးဖြစ်တဲ့အတွက် စာသင်လို့လည်း မရလိုက်တော့ဘူး။ အစ်မကြီးလည်း မသင်လိုက်။ ကိုယ်လည်း မသင်လိုက်။ အမေလည်း နေမ ကောင်းတော့ ပိုပိုလျှံလျှံလည်း ဖြစ်တယ်ပေါ့။ အဲဒီလို ကြိုးစားလို့ ဖြစ်လာတာပဲလေ။”

အဲဒီလို စတေးခဲ့ရုံမကလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာ အမျိုးသားတွေနဲ့ ယှဉ်ပြီး အလုပ်လုပ်ရတဲ့အခါ အထင်သေး၊ နှာခေါင်း ရှို့မှုတွေလည်း အများကြီးခံခဲ့ရရှာပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ပန်းရံလုပ်ငန်းဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာလုပ် ကိုင်ရတာကြောင့် တစ်ခါတစ်လေမှာ အမြင့်တက်ရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအခက်ခဲတွေကိုလည်း မညည်းမညူ ကျော်ဖြတ်ခဲ့ ပါတယ်။

“နှိမ်ကြတယ်။ မိန်းမဖြစ်ပြီးတော့ ဘာလုပ်နိုင်မလဲ။ ဒီမိန်းမ။ အဲဒီလိုလေ။ နောက်ကဆို ကိုယ့်လုပ်ငန်းကို လူသိသွားတဲ့အခါ မနှိမ်ကြ တော့ဘူး။ ယောက်ျားတစ်ယောက်နဲ့ Level လုပ်နိုင်တယ်။ ဒီမိန်းမက နည်းတဲ့အဆင့် မဟုတ်ဆိုပြီးတော့ ချီးမွမ်းလည်း ခံရပါတယ်။ အခု လည်း ချီးမွမ်းခံရတယ်။ ဘာလို့ဆို မိန်းမပန်းရံ ဆရာမရှိတဲ့အတွက်နဲ့ ဟုတ်တယ်။ ကောင်းကောင်းလုပ်နိုင်တယ်။ အမြင့်ကြီးဆိုလည်း တက်နိုင်တယ်။ တော်တယ်။ ဟုတ်တယ်ဆိုပြီးတော့ ချီးမွမ်းတဲ့ စကားတွေလည်း ရှိတယ်။”

သူက ဒီလို ပြစ်တင်ရှုံ့ချအထင်သေးခံရမှုတွေ၊ အခက်ခဲတွေကို သူမရဲ့ကြိုးစားမှုတွေနဲ့ လှဲခဲ့လို့ ၂ နှစ်ကျော်လောက် အပင်ပန်းခံခဲ့ရပြီး ချိန်မှာတော့ သူမဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပန်းရံဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး အခု အသက် ၄၄ နှစ်အရွယ်မှာ ပန်းရံဆရာမသက်တမ်းက ၁၀ စုနှစ် ၂ ခုကျော်ရှိနေပါပြီ။ လက်ရှိမှာတော့ သူမက ဒုတိယအဆင့် ပန်းရံဆရာမ ဖြစ်နေပြီဖြစ်သလို သူမ လက်အောက်မှာလည်း လုပ်သား ၄၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

“ပန်းရံဆရာမဖြစ်လာတဲ့ သက်တမ်းက ၂၃ လောက်ရှိနေပြီ။ ၁၈ နှစ်သမီးကနေလုပ်တာ။ အလုပ်ကြမ်းက သိပ်မလုပ်ခဲ့ရဘူး။ ၂ နှစ် လောက်ပဲ လုပ်ခဲ့ရတယ်။ အလုပ်ကြမ်း ၂ နှစ်က ပညာရေးမှူးရုံးက စတယ်။ ပြီးရင် ယဉ်ကျေးမှုပြတိုက်။ အလုပ်ကြမ်းဘဝနဲ့ပေါ့။ အဲဒါ ပြီးတာနဲ့ ဈေးသစ်မှာ တစ်နှစ်နီးပါးလောက် အုပ်ပြောင်း၊ သဲပြောင်းလုပ်ပြီးမှ ကိုယ့်ကိုမသိခင်တော့ မခိုင်ဘူး။ သိလာပြီးနောက်ပိုင်းမှာ တော့ ပန်းရံလောကမှာ အုပ်စီ၊ အချောအဲဒီလို လုပ်ရတယ်။ အဲဒီအချိန်ကတော့ အခက်ခဲ နည်းနည်းရှိပါတယ်။”

အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နေရတဲ့ သူမဘဝမှာတော့ စိန်ခေါ်မှုတွေကတော့ အမြဲတမ်းရှိနေစမြဲပါပဲ။

“ဘာလို့ဆို ကိုယ့်စီနီယာနဲ့ ကိုယ်မို့လို့လေ။ အရင်တော့ ရှိတယ်။ အပြိုင်အဆိုင်တော့ လုပ်ရတာပဲ။ ယောက်ျားတွေနဲ့။ ယောက်ျား တစ်ကွင်ဆို၊ ကိုယ်လည်း တစ်ကွင်ချောရတယ်။ ယောက်ျား ၂ ကွင်ဆို ကိုယ်လည်း ၂ ကွင်ချောရတယ်။ အဲဒီလိုတော့ ရှိတာပေါ့။ အခုကတော့ ကိုယ့်စီနီယာနဲ့ ကိုယ်ပဲ။ ဆရာကြီးမှာက ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ထားပါတယ်။”

သူ့လို လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေကိုလည်း အမျိုးသားတွေသာ လုပ်ကိုင်နိုင်တဲ့ ဒီအလုပ်ကို အမျိုးသမီးတွေက လုပ်ဆောင်နိုင်တာ ဟာ လွယ်ကူတဲ့ကိစ္စမဟုတ်တဲ့အတွက် သူ့လိုဖြစ်အောင် ကြိုးစားကြဖို့ ဒေါ်ခင်ခင်ဝင်းက အခုလိုပဲ ဂုဏ်ယူစွာနဲ့  အားပေးစကားပါးလိုက် ပါတယ်။

“ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့ အမျိုးသမီးတွေကိုလည်း ပန်းရံဆရာမတစ်ယောက်ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့ ဆို ဒီအလုပ်က ဆရာမတစ်ယောက်ဖြစ်သွားတဲ့ အတိုင်းအတာဆိုရင် ပိုက်ဆံလည်း ပိုလို့ရပါတယ်။ ယောက်ျားနဲ့ ရင်ပေါင်တန်းလို့ လုပ် ရတဲ့အတွက်လည်း ချီးမွမ်းစရာကောင်းပါတယ်။ ကိုယ်က ယောက်ျားတွေနဲ့ တန်းတူလုပ်တဲ့အတွက် ပန်းရံဆရာမတစ်ယောက်ဖြစ်အောင် တိုက်တွန်းချင်ပါတယ်။”